စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊
မင်္ဂလာရပ်ကွက်၊ ခပေါင်းလမ်းရှိ ဟိုတယ် တစ်ခုတွင် မတ်လ ၂၉ ရက်က အမျိုးသား တစ်ဦး ဓာတ်လိုက်
သေဆုံးခဲ့ကြောင်း သိရသည်။
.
ဟိုတယ် မန်နေဂျာ ဦးအောင်နေထွန်း၏ စေခိုင်းချက်အရ
ဟိုတယ်၏ ၄ ထပ် အပေါ် လေသာဆောင်၌ တောင်ကြီးမြို့နေသူများ ဖြစ်ကြသည့် အောင်ကိုမြင့်၊
ရဲနိုင်၊ သီဟအောင်နှင့် နေပြည်တော်နေသူ သက်နောင်စိုးတို့ ၄ ဦးသည် ရေပူရေအေး တပ်ဆင်နေသော
ရေပူစင်အား ရေဖောက်ချပြီး မ ရွှေ့စဉ် အောက်ကြမ်းခင်း သံမံတလင်းသို့ ရေကျရောက်ကာ ပေါက်ပြဲနေသည့်
လျှပ်စစ် ဝါယာကြိုးမှ ၄ ဦးလုံး ဓာတ် လိုက်ခဲ့ရာ သီဟအောင် တွင် ယာလည်ပင်း မီးလောင်ညိုမဲ
ဒဏ်ရာ ယာလက်ဖျံတွင် မီးလောင်ညိုမဲ ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။
.
ထို့အတူ အောင်ကိုမြင့်တွင် ယာလက်ကောက်ဝတ် ဖူးရောင်
ဒဏ်ရာ ယာခြေခုံ ပွန်းပဲ့ဒဏ်ရာ၊ ဝဲခြေမ ပေါက်ပြဲ ဒဏ်ရာ(မစိုးရိမ်ရ )၊ ရဲနိုင်တွင် ယာတံတောင်ပွန်းပဲ့
ဒဏ်ရာ ဝဲ/ယာ လက်နာကျင် (မစိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့သဖြင့် အောင်ပန်းတိုက်နယ် ဆေးရုံသို့
ပို့ဆောင်၍ ဆေးကုသမှုခံယူနေကြောင်း သိရသည်။
.
“ မန်နေဂျာကို အရေးယူထားတယ် လူသေသွားတော့ သူ့ကိုအမှုနဲ့
ဖမ်းထားတယ် ဒီနေ့ ချုပ်မိန့် တောင်းထားတယ်။” ဟု အောင်ပန်းနယ်မြေရဲစခန်းမှ ဒုရဲအုပ်
ကိုလတ်မှ ပြောသည်။
.
အဆိုပါ ဟိုတယ်တွင် အသုံးပြုသော လျှပ်စစ်ဝါယာကြိုးများကို
သေချာ စစ်ဆေးမှု မရှိဘဲ ပေါ့ဆစွာ အသုံးပြုစေခဲ့သူ ရွှေဘုံသာ ဟိုတယ်၏ မန်နေဂျာ ဦးအောင်နေထွန်းအား
အောင်ပန်းနယ်မြေရဲစခန်း မှ (ပ)၇၂/၂၀၂၀ ရာဇသတ်ကြီး ပုဒ်မ ၃၃၇ /၃၀၄-က ဖြင့် အမှုဖွင့်
အရေးယူထားကြောင်း သိရသည်။