လူစုလူဝေးနှင့် ပွဲလမ်းသဘင်များကို ဖျက်သိမ်းရန် ရှမ်းအစိုးရ တိုက်တွန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, March 3, 2020

လူစုလူဝေးနှင့် ပွဲလမ်းသဘင်များကို ဖျက်သိမ်းရန် ရှမ်းအစိုးရ တိုက်တွန်း


ကမ္ဘောဇတိုင်း
.
ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားလျက်ရှိသည့် ကူးစက်မြန် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်မှု မရှိစေရေးအတွက် လတ်တလောတွင် လူစုလူဝေးနှင့် ပွဲလမ်းသဘင် များကို ဖျက်သိမ်းရန်နှင့် တတ်နိုင်သမျှ ရှောင်ရှားသွားရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့က အကြောင်းကြားစာ  ထုတ်ပြန်ထားကြောင်း သိရသည်။
.
.
ပွဲလမ်းသဘင်တွေ မလုပ်ဖို့ဆိုတာ မနေ့ (မတ်လ ၁ ရက်) က ပဲ အကြောင်းကြားစာ ထုတ်ပြန်ထားပါတယ်” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ကမ္ဘောဇတိုင်း သို့ အတည်ပြု ပြောကြားသည်။
.
အဆိုပါ ထုတ်ပြန်စာတွင် COVID-19 နှင့် ပတ်သက်၍ ကမ္ဘာ့ဒေသအသီးသီး၌ ရောဂါကူးစက်ဖြစ်ပွားသော နိုင်ငံများ ဆက်တိုက် များပြားလာခဲ့ပြီး  နိုင်ငံပြင်ပမှ ရောဂါကူးစက်မှု များသာမက နိုင်ငံတွင်း၌ပါ ကူးစက်မှု ရှိလာခဲ့ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဒေသတွင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများ အားလုံးတွင် အလွန် မြင့်မားသည့်အဆင့်အဖြစ် တိုးမြှင့်သတ်မှတ်ခဲ့ကြောင်းနှင့် မြန်မာနိုင်ငံတွင် ရောဂါပိုး တွေ့ရှိသူ မရှိသေးသော်လည်း ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းဖြင့် ဖော်ပြပါရှိသည်။
.
ထို့အပြင် လက်ရှိအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ရောဂါပိုးတွေ့ရှိသူ မရှိသေးသော်လည်း COVID-19 စတင်ဖြစ်ပွားသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအပြင် စင်္ကာပူ၊ တောင်ကိုရီးယား၊ အီတလီ၊ အီရန်နိုင်ငံတို့၌ အရှိန် အဟုန်ဖြင့် ရောဂါကူးစက်ဖြစ်ပွားနေသည်ကို သိရှိရသဖြင့် အပြည်ပြည်ဆိုင်ရာလေဆိပ်များ၌ ရောဂါကာကွယ်ရေး လုပ်ငန်းများကို နှီးနွယ်ဝန်ကြီးဌာနများနှင့် စုပေါင်းအား အထူးအားဖြည့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရောဂါ ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ယခုကာလအတွင်း လူစုလူဝေးနေရာများနှင့် ပွဲလမ်းသဘင်များကို တတ်နိုင် သမျှ ရှောင်ရှားကြရန်နှင့် မဖြစ်မနေ ကျင်းပပြုလုပ်ရမည့် လူစုလူဝေး ပွဲလမ်းသဘင်များကိုသာ ပြုလုပ်ရန်၊ ဖြစ်မနေ ပြုလုပ်ရပါက လူအရေအတွက် နည်းနိုင်သမျှ နည်းပါးစေရန်၊ ဖျားနာသူနှင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါရှိသူများ မတက်ရောက်စေရေး အစီအမံများ တင်းကြပ်စွာ ပြုလုပ်ရန်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေး ကျန်းမာရေး အသိပညာပေး နှိုးဆော်ချက်များကိုလည်း တိကျစွာ စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုကြောင်း ဖော်ပြထားသည်။
.

ယင်းကဲ့သို့ တားမြစ်ရခြင်းနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဖြစ်ပွားမှု မရှိစေရေးအတွက် စောင့်ကြပ်စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက “ဒီနေ့ပဲ COVID-19 နဲ့ ပတ်သက်တဲ့ အစည်းအဝေး လုပ်ပါတယ်။ ပွဲလမ်းသဘင်တေွကို တတ်နိုင်သမျှ မလုပ်ဖို့၊ လုပ်ရင်လည်း ချုံ့ပြီးလုပ်ဖို့ ဆွေးနွေးခဲ့ပါတယ်။ အခုချိန်က တပေါင်းပွဲနဲ့နွယ်ပြီး ပွဲလမ်းသဘင်တွေလည်း များတော့ တစ်ယောက်ယောက်ကနေ ကျန်းမာရေးအသိပညာ မရှိဘဲနဲ့ ကူးလာရင် ထိန်းရခက်နိုင်တာပေါ့။ ဒါကြောင့် စောစောစီးစီး ပိတ်လိုက်တာပါ” ဟု မတ်လ ၃ ရက်၊ နေ့လယ်ပိုင်းတွင် ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မြန်မာနိုင်ငံ အနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း ဒေသကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ သံသယနှင့် စောင့်ကြည့်လူနာ စုစုပေါင်း ၄၅ ဦးတို့အား ဓါတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ရောဂါပိုးတွေ့ရှိသူ မရှိသေးကြောင်း သိရသည်။
.
လက်ရှိ အချိန်သည် ဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်သူများ၏ တပေါင်းလ ဘုရားပွဲတော်များနှင့် တိုက်ဆိုင်နေပြီး ရှမ်းပြည်နယ်အတွင်း ပအိုဝ်းအမျိုးသားနေ့ပွဲတော်၊ ပင်းတယရွှေဥမင်ဘုရားပွဲတော်၊ မိုင်းကိုင်တပေါင်းပွဲတော် စသည့် ဘုရားပွဲများနှင့် ပွဲလမ်းသဘင်များ ကျင်းပရာ အချိန်အခါလည်းဖြစ်သည်။
.
ယနေ့ မတ်လ ၃ ရက်၊ နံနက်ပိုင်းအထိ ကမ္ဘာနိုင်ငံ 76 နိုင်ငံတွင် ဝူဟန် (ခေါ်) ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ခံရသူ 90925 ဦး၊ သေဆုံးသူ ၃၁၂၅ ဦးနှင့် ပြန်လည် သက်သာလာသူ (Cured) ၄၈၁၄၀ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About