ပုံပါကျင်တွင် ထိုင်းနိုင်ငံသားတစ်ဦးအား မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, March 2, 2020

ပုံပါကျင်တွင် ထိုင်းနိုင်ငံသားတစ်ဦးအား မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့၊ ပါချီးကျေးရွာအနီးတွင် မတ်လ ၁ ရက်၊ ညနေပိုင်းက ထိုင်းနိုင်ငံသားတစ်ဦးအား မူးယစ်ဆေးဝါးများ၊ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
.
.
မိုင်းဆတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရန်နိုင်ထွန်း ဦးစီးသော ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၁ ရက်၊ ညနေ ၅ နာရီခန့်က ပုံပါကျင်မြို့၊ နမ့်ဟူးခွန်ကျေးရွာအုပ်စု၊ ပါချီးကျေးရွာအနီးတွင် ထိုင်းနိုင်ငံမှ မူးယစ်တရားခံပြေး နရုံရစ်ဖုံကျာ၊ ထိသိဖုံကျက်ထွန်းနှင့် ဖာခင်ဖွန်ဒေချာတို့အား လှည့်လည်ရှာဖွေနေစဉ် ချုံအတွင်း၌ ပုန်းအောင်းနေသူ ထိုင်းနိုင်ငံသား ဖားထလားဖွန် (၂၇ နှစ်) အား တွေ့ရှိရသဖြင့် စစ်ဆေးရာ ၎င်းတင်ပါးအောက်ရှိ စစ်စိမ်းရောင် ပလတ်စတစ်ဘူးငယ်အတွင်းမှ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၆ ပြားအား၊ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသော ၃ လက်မခွဲခန့်ရှိ ခဲစက္ကူအပိုင်းအစ ၅ ခုပါ ဘူးတစ်ဘူးတို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိ ခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး ဖားထားဖွန်အား စစ်ဆေးရာ ၎င်းသည် နမ့်ဟူးခွန်အုပ်စု၊ ပါချီးကျေးရွာတွင် အခြား ထိုင်းနိုင်ငံသား ၇ ဦးနှင့်အတူ နေထိုင်ကြောင်း သိရသဖြင့် ၎င်းနေထိုင်ရာ နေအိမ်အား သွားရောက်စစ်ဆေးရာ အိပ်ခန်းယာဘက်ဘေးမှ အပြာရောင် ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်လျက် WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၆၅ ပြားပါ တစ်ထုပ်၊ အရှည် ၃ ပေ ၈ လက်မရှိ ဒေသလုပ် ၁၂ ဗို့ကျည်သုံး တစ်လုံးထိုးသေနတ် တစ်လက်နှင့် ၎င်းကျည် ၃ တောင့်၊ အရှည် ၄ ပေ ၁ လက်မရှိ ဒေသလုပ် တူမီးသေနတ်အရှည် တစ်လက်၊ အရှည် ၃ ပေ ၁၁ လက်မရှိ ပွိုင့်-၂၂ ကျည်သုံး လုပ်သေနတ်တစ်လက်၊ ၅.၅၆ ကျည်ခွံ ၅၀ ခု၊ ၉ မမ ကျည်ခွံ ၁၅ ခု၊ ပွိုင့်-၂၂ ကျည်ခွံ ၈ ခု၊ ခဲသီး ၈ ခု၊ ၉ မမ ကျည်ခွံ ၁၅ ခု၊ Mr. Phiiphop အမည်ပါ ထိုင်းမှတ်ပုံတင်တစ်ခု၊ TMP စာတမ်းပါ ထိုင်းဘဏ်စာအုပ် ၂ အုပ်၊ TMB စာတမ်းပါ ထိုင်းငွေထုတ်ကတ် တစ်ခု၊ Krungsri စာတမ်းပါ ထိုင်းဘဏ်စာအုပ် တစ်အုပ်၊ ယင်းငွေထုတ်ကတ် တစ်ခု၊ SCB စာတမ်းပါ ထိုင်းနိုင်ငံသုံး ငွေထုတ်ကတ်တစ်ခုတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်းများနှင့်အတူ လက်ဝယ်တွေ့ရှိသူ ထိုင်းနိုင်ငံသား ဖားထလားဖွန် (၂၇ နှစ်)၊ မိုင်းဖန်းမြို့၊ ချင်းရိုင်ခရိုင်၊ ထိုင်းနိုင်ငံနေသူအား ပုံပါကျင်နယ်မြေရဲစခန်းတွင် မယ (ပ) ၁/၂၀၂၀၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၉(က)/၂၂(ခ) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About