နမ့်စန်မြို့သို့ တစ်ပတ် ၂ ကြိမ် လေကြောင်းပြေးဆွဲရန် စီစဉ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နမ့်စန်မြို့သို့ တစ်ပတ် ၂ ကြိမ် လေကြောင်းပြေးဆွဲရန် စီစဉ်နေ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့သို့ မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) က တစ်ပတ်လျှင် ၂ ကြိမ် ပျံသန်းပြေးဆွဲရန် စီစဉ်နေကြောင်း သိရသည်။
.
.
“ကျွန်တော် တင်ပြထားတဲ့ စာအပေါ် ဝန်ကြီးက ဌာနက အတည်ပြုစာ လက်ခံရရှိပါတယ်၊ လာမယ့် မေလအတွင်းမှာ စတင်ပြီး စမ်းသပ်ပျံသန်းမယ်လို့ဆိုတယ်။ ကော်ပိုရေးရှင်းဆိုတော့ အရှုံးခံ ပြေးဆွဲမှာမဟုတ်တော့ ခရီးသည် ပြည့်မီရေး အဓိကဖြစ်လာမယ်။ ပို့ဆောင်ရေးနဲ့ တပ်မတော်ပိုင်း၊ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရတို့ အသေးစိတ်ညွှန်ကြားမှုတွေတော့ ကျန်နေပါသေးတယ်၊ လူထုအတွက်တော့ ခရီးတွေ သွားရလာရ အဆင်ပြေတော့မှာ ဖြစ်ပါတယ်” ဟု နမ့်စန်မြို့နယ်မဲဆန္ဒနယ်အမှတ် (၁) မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့့်စန်မြို့ နမ့်စန်လေတပ်စခန်းဌာနချုပ်အတွင်းရှိ တပ်မတော်ပိုင် လေယာဉ်ကွင်းသို့ ပြည်တွင်း၊ မြို့ပြ/ပုဂ္ဂလိက လေကြောင်းလိုင်း လေယာဉ်များ ပျံသန်းပြေးဆွဲပေးနိုင်ပါရန် မြန်မာအမျိုးသားလေကြောင်းလိုင်းမှာ ၁ ပတ်လျှင် ၂ ရက် ယာယီအားဖြင့် ဗုဒ္ဓဟူးနှင့် တနင်္ဂနွေနေ့များတွင် ပျံသန်းပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
.
ယခင် က နမ့်စန်မြို့သို့ ၂၀၀၂ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ တစ်ပတ်လျှင် ၃ ရက်ကို မြန်မာ့လေကြောင်းအနေဖြင့် ပျံသန်းပြေးဆွဲခဲ့သော်လည်း ခရီးသည် ရရှိမှု နည်းပါးလာခြင်း၊ လေယာဉ်လုံလောက်မှုမရှိခြင်းတို့ကြောင့် ၂၀၀၉ ခုနှစ်တွင် ခရီးစဉ်ပြေးဆွဲမှု ရပ်ဆိုင်းခဲ့သော်လည်း ယခုအခါ မြန်မာ့အမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်များ အစားထိုး ဝယ်ယူဖြည့်တင်းထားသဖြင့် ရန်ကုန်-ဟဲဟိုး-နမ့်စန်-မိုင်းဆတ်-ဟဲဟို-ရန်ကုန် ခရီးစဉ်များအား ATR လေယာဉ်များဖြင့် ပြန်လည်ပျံသန်းပြေးဆွဲပေးရန်စီစဉ်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ပြန်စာတွင် ဖော်ပြပါရှိသည်။
.
ဦးလင်းအောင်ဆွေအနေဖြင့် နမ့်စန်လေယာဉ်ကွင်းသို့ မြို့ပြနှင့်ပုဂ္ဂလိက လေကြောင်းလိုင်းများ ပျံသန်းပေးရန်အတွက် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် လည်းကောင်း၊ (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင်ရှမ်းပြည်နယ်အစိုးရသို့ ရှမ်းပြည်နယ်လွှတ်တော်မှတဆင့် လည်းကောင်း ကြယ်ပွင့်ပြမေးခွန်းများဖြင့် တင်ပြခဲ့များရှိခဲ့ပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဌာန သို့လည်း ၂၀၂ဝ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၁ ရက်က စာဖြင့် တင်ပြခဲ့ခြင်းများ ရှိခဲ့သည့်အတွက် ယခုလို အရပ်ဘက်လေယာဉ်များ ပြန်လည်ပြေးဆွဲရန် စီစဉ်လာခြင်းဖြစ်သည်ဟု သိရသည်။
.

Journal Download

Photo of three cats