နမ့်ခမ်းတိုက်ပွဲ ရပ်တန့်သွား ဟုဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နမ့်ခမ်းတိုက်ပွဲ ရပ်တန့်သွား ဟုဆို


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်မြောက်ဘက် ခိုလုံလီရှောကျေးရွာများအတွင်း မတ်လ ၁၅ ရက်က ဖြစ်ပွားခဲ့သော TNLA နှင့် တပ်မတော်၊ ပြည်သူ့စစ်တို့အကြား ထိတွေ့တိုက်ပွဲများ ယင်းနေ့ညနေပိုင်းတွင် ရပ်တန့် သွားပြီဖြစ်သည်ဟု ခိုလုံလီရှောပြန်ကြားရေးအဖွဲ့ထံက သိရသည်။
.
 
.
“သူတို့ တောင်ပေါ်ကထွက်သွားပြီဆိုတော့ ရွာသားတွေလည်း ပုန်းနေကြတာက ထွက်ပြီး အိမ်ပြန်ထမင်းချက်နေ ကြတယ်လို့ သိရတယ်” ဟု ခိုလုံလီရှောပြန်ကြားရေးအဖွဲ့မှ မသိမ့်က မတ်လ ၁၅ ရက်၊ ညပိုင်းတွင် ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
နမ့်ခမ်းမြို့နယ်အတွင်းရှိ ခိုလုံလီရှော ကျေးရွာများသို့ မတ်လ ၁၅ ရက်၊ နံနက် ၄ နာရီခန့်မှ စတင်၍ TNLA လက်နက်ကိုင် အင်အား ၃၀၀ ခန့်က လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်သဖြင့် ပန်ဆေးပြည်သူ့စစ်နှင့် လူထုမှ ရရာလက်နက်ဖြင့် ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ တပ်မတော်မှလည်း လက်နက်ကြီးပစ်ကူပေးခဲ့ပြီး ညနေ ၃ နာရီခွဲခန့်တွင် တိုက်ပွဲရပ်တန့်သွားခဲ့ကြောင်း၎င်းထံက သိရသည်။
.
အဆိုပါ တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ TNLA ကမူ နမ့်ခမ်းမြို့နယ်၊ ပန်ဆေးပြည်သူ့စစ်စခန်း အနီးဝန်းကျင်ရှိ ဘိန်းခင်းများကို တအာင်းတပ်မတော်က သွားရောက်ဖျက်ဆီးရာတွင် ပန်ဆေးပြည်သူ့စစ်အဖွဲ့နှင့် မြန်မာစစ်တပ် စကခ ၇၊ ခလရ ၁၀၂ မှ လက်နက်ကြီးငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်သဖြင့် ပန်ဆေးပြည်သူ့စစ်စခန်း၊ တာကွန့်ပြည်သူ့စစ်စခန်း၊ ပါင်ဆိုင်းပြည်သူ့စစ်စခန်း၊ မန်ပန်ပြည်သူ့စစ်စခန်း၊ ဆာတိုင်ပြည်သူ့စစ်စခန်း ပတ်ဝန်းကျင် နေရာများ၌ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြန်မာစစ်တပ် နမ့်ဖက်ကာ ခလရ ၁၂၃ တပ်စခန်းနှင့် နမ့်ခမ်းမြို့နယ်၊ မန်တပ် ခလရ ၁၄၄ တပ်စခန်းများကလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
.
ထိုအပြင် တိုက်ပွဲအပြီးတွင် တအာင်းတပ်မတော်က ပြည်သူ့စစ်စခန်းအတွင်းသို့ ဝင်ရောက်ရှင်းလင်းရာ ဘိန်းမဲ ၂၁၆ ပိဿာ၊ ယာမ ၄၀၀၀၀ ပြား၊ လက်နက်ငယ်မျိုးစုံ ၂၄ လက်၊ ကျည်မျိုးစုံနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိပြီး ပန်ဆေးပြည်သူ့စစ်တပ်ဖွဲ့ဝင် ၈ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်းနှင့် တိုက်ပွဲအတွင်း ပြည်သူ့စစ် တပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးကြောင်း TNLA မှ သတင်းထုတ်ပြန် ထားသည်။
.
အဆိုပါ ဖြစ်စဉ်အတွင်း သေဆုံးသူများမှာ ပြည်သူ့စစ်များ မဟုတ်ဘဲ ပန်မောင်းရွာမှ ရွာသား လီကော (၃၀ နှစ်) နှင့် မင်ကျောင်း (၄၀ နှစ်) ဆိုသူတို့ ဖြစ်ကြောင်း ခိုလုံလီရှော ပြန်ကြားရေးအဖွဲ့က ပြောဆိုခဲ့သည်။
.
နမ့်ခမ်းမြို့နယ်ရှိ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဒေါက်တာစိုင်းကျော်အုန်းကလည်း တိုက်ပွဲ ရှောင်များ ရောက်ရှိလာပါက ကူညီရေး အသင့်ဖြစ်စေရန် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စုပေါင်းကာ ပြင်ဆင်ထားရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats