ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ရှိ မြို့မဈေး ညဈေး၊ Night
38 ညဈေးနှင့် ငါးရက်တစ်ဈေး ရောင်းချမှုတို့ကို ယနေ့ မတ်လ ၂၉ ရက်မှ စတင်၍ ပိတ်သိမ်းလိုက်ကြောင်း
တောင်ကြီးမြို့နယ်စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။
.
.
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကာကွယ်ရန် လူစုလူဝေးမဖြစ်စေရေးအတွက်
ညဈေးနှင့် ငါးရက် တစ်ဈေး ရောင်းချမှုများကို ပိတ်သိမ်းကြောင်း တောင်ကြီးမြို့နယ်စည်ပင်သာယာရေးကော်မတီမှ
၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ နံနက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
" ၅ ရက်တစ်စျေး စျေးနေ့ကို ပိတ်တာပါ။ တောင် ့ကြီးမြို့နယ်ထဲက
စျေးတွေရော စျေးနေ့ကို ပိတ်တာ ပုံမှန်စျေးကတော့ ဖွင့်မှာ စျေးနေ့တွေမှာ အနယ်နယ် အရပ်ရပ်က
လာတော့ လူတွေ ပိုပြီးလူစုလူဝေးများတာမို့ ၅ ရက်တစ်စျေးရောင်းတာမျိုးကို ပိတ်တာပါ။ လာမယ့်စျေးနေ့က
စမယ်လို့ ကြော်ညာ ထားတယ်။ Night 38 ရယ် နာရီစင် ညစျေး ရော ဒီနေ့ည ကစ ပိတ်လိုက်တယ်
” ဟု တောင်ကြီး မြို့နယ် စည်ပင်သာယာရေး ဌာနမှ အမှုဆောင် အရာရှိ ဦးအေးကိုက ကမ္ဘောဇတိုင်းသို့ပြောသည်။
.
“အဲဒီလို ပိတ်လိုက်တော့ ကောင်းပါတယ်။ ရောဂါ မကူးစက်ဖို့ ကြိုတင်ကာကွယ်တဲ့သဘောပေါ့။
ဒါပေမဲ့ တစ်နေ့ လုပ်မှ တစ်နေ့စားရတဲ့ ဈေးသည်တွေနဲ့ တခြား ပြည်သူတွေအတွက်တော့ စားဝတ်နေရေး
အခက်အခဲ ဖြစ်လာမှာ စိုးရိမ်ရပါတယ်” ဟု တောင်ကြီးမြို့နေ အိမ်ရှင်မတစ်ဦးက ၎င်း၏အမြင်ကို
ပြောဆိုခဲ့သည်။
.
ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားနေသည့် COVID-19 ကပ်ရောဂါ ကူးစက်မှုအပြင် မြန်မာနိုင်ငံသားများနှင့် ထိုင်းနိုင်ငံတွင်းမှ
မြန်မာနိုင်ငံသား များ နေ့စဉ်အလုံးအရင်းဖြင့် ပြန်လည် ဝင်ရောက်လာနေသည့်အတွက် ရောဂါကူးစက်ပြန့်ပွားမှုကို
ကာကွယ်နိုင်ရန်အတွက် တတ်နိုင်သမျှ အပြင်သွားခြင်းကို ရှောင်ကျဉ်ရန်၊ လူစုလူဝေးများပြုလုပ်ခြင်းမပြုရန်၊
လက်ကိုမကြာခနဆေးကြောရန်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၏ ကျန်းမာရေးအသိပေးချက်များကို
လိုက်နာရန်လိုအပ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများမှ တိုက်တွန်းနှိုးဆော်လျက်ရှိသည်။
.
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ် (Covid-19) ရောဂါပိုးတွေ့ရှိသူ
၈ ဦးအထိရှိလာပြီဖြစ်သည့်အတွက် ကျန်းမာရေး ဆိုင်ရာ အသိပေးနှိုးဆော်ချက်များကို တိတိကျကျလိုက်နာရန်လိုအပ်ပြီး၊
ဖောက်ဖျက်ကျူးလွန်သူများကိုလည်း ထိရောက်သည့်အရေးယူမှုများ လုပ်ဆောင်ရန်လိုအပ်ကြောင်း
ဒေသခံများပြောဆိုကြသည်။
.