စိုင်းအောင်ဇော်လင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင်
COVID-19 ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် အသိပညာပေးလုပ်ငန်းများကို စနစ်တကျ
လုပ်ဆောင်နေလျက်ရှိပြီး အဝေးပြေးယာဉ်များအား ,ပိုးသတ်ဆေးဖျန်းခြင်းကို မတ် ၂၉ ရက် နေ့လယ်
၂ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
.
မိုင်းယောင်းမြို့နယ်တွင် COVID-19 ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို
ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် မြို့ပေါ်ရပ်ကွက်များတွင် ၃ ကြိမ်၊ ကျေးရွာများတွင်
၂ ကြိမ်နှုန်းဖြင့် နေ့စဉ် လုပ်ဆောင်နေပြီး ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများအား ရပ်ကွက်/ကျေးရွာများအတွင်း
ကွင်းဆင်း စာရင်းကောက်ယူခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် Home Quarantine အသိပညာပေးလုပ်ငန်းများကို
ဆောင်ရွက်နေလျက်ရှိကြောင်း မြို့နယ်အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး
ကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းထံက သိရသည်။
ထို့ပြင် မိုးလုံလေလုံအားကစားရုံ၊ အထကကျောင်းနှင့် ကျေးရွာရှိ အမကကျောင်းများတွင်
Quarantine အသွားအလာကန့်သတ်နေရာများအဖြစ် အသုံးပြုနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားပြီး
ကျေးရွာအုပ်စု တစ်အုပ်စုလျှင် ဌာနဆိုင်ရာအကြီးအကဲ ၂ ဦး ပါဝင်သောအဖွဲ့မှ Home
Quarantine ကို မတ် ၂၉ ရက်အထိ ၂၂၂ ဦး စာရင်းကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။
.
ပြည်သူများအနေနှင့် လူစုလူဝေးကို ရှောင်ကြဉ်ပေးရန်၊ Home
Quarantine နှင့် ကိုဗစ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများတွင် “ပြည်သူသာလျှင်
အဓိက”ဖြစ်သဖြင့် ရှမ်းပြည်နယ်အစိုးရ၏ လမ်းညွှန်မှာကြားချက်
များနှင့်အညီ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုပါကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးညီညီဝင်းက ပြောသည်။
.
မိုင်းယောင်းမြို့နယ်တွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားလာခြင်း
မရှိစေရေးအတွက် မြို့အဝင် မုန်းလိုက်တံတား တွင် ထွေ/အုပ်၊ ရဲတပ်ဖွဲ့၊ ကျန်းမာရေး၊ မွေး/ကု၊
လဝက၊ စည်ပင်၊ မီးသတ်၊ ကြက်ခြေနီပါဝင်သော မြို့နယ် အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်
တုံ့ပြန်ဆောင်ရွက်ရေးကော်မတီနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် တံတားပေါ် ဖြတ်သန်းသွားလာသူများအား Infrared Thermometer စက် သုံးလုံးဖြင့် နေ့စဉ်
စစ်ဆေး ဆောင်ရွက်နေပြီး စေတနာအလှူရှင်များမှ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်
တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းများတွင် ထိရောက်စွာ အသုံးပြုနိုင်ရန် အစားအသောက်နှင့်
ထောက်ပံ့ပစ္စည်းများ လာရောက် လှူဒါန်းပေးနေလျက်ရှိကြောင်း သိရသည်။
.