ရောဂါကာကွယ်ထိန်းချုပ်ရေး နည်းဗျူဟာများကို မွမ်းမံဆောင်ရွက်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီး တိုက်တွန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, March 29, 2020

ရောဂါကာကွယ်ထိန်းချုပ်ရေး နည်းဗျူဟာများကို မွမ်းမံဆောင်ရွက်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီး တိုက်တွန်း



ကမ္ဘောဇတိုင်း
.
မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာများ တွေ့ရှိနေပြီဖြစ်သဖြင့် လက်ရှိ ဆောင်ရွက်နေသော ရောဂါကာကွယ်ထိန်းချုပ်ရေး နည်းဗျူဟာများကို ပြောင်းလဲ လာသော အခြေအနေများနှင့် အညီ မွမ်းမံဆောင်ရွက်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက တိုက်တွန်းပြောဆိုခဲ့သည်ဟု သိရသည်။
.
 
.
COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး (၄၃/၂၀၂၀) ကို မတ်လ ၂၈ ရက်၊ နံနက်ပိုင်းက နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရုံးတွင် ပြုလုပ်ရာ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

.
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိနေပြီဖြစ်သဖြင့် လက်ရှိဆောင်ရွက်နေသော ရောဂါကာကွယ်ထိန်းချုပ်ရေး နည်းဗျူဟာများကို ပြောင်းလဲ လာသော အခြေအနေများနှင့် အညီ မွမ်းမံဆောင်ရွက်ရန်၊ ဓာတ်ခွဲအတည်ပြုလူနာ ၈ ဦးနှင့် ထိတွေ့ခဲ့သူများကို ရှာဖွေ ထောက်လှမ်းဖော်ထုတ် (contact tracing) မှုများကို အားဖြည့်ဆောင်ရွက်ရန်၊ ဆေးရုံများတွင် ရောဂါပိုးကူးစက်ပြန့်ပွားခြင်းကာကွယ်ရေးလုပ်ငန်းများကို လုပ်ငန်း လမ်းညွှန်များနှင့် အညီစနစ်တကျဆောင်ရွက်ရန်၊ အသွားအလာကန့်သတ်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းလမ်းညွှန်များနှင့် အညီလိုက်နာဆောင်ရွက်ရန်တို့ကို မှာကြားခဲ့သည်ဟု သိရသည်။
.
အဆိုပါ အစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရောဂါဖြစ်ပွားမှုများပြားရာ နိုင်ငံများမှ လေကြောင်းခရီးဖြင့် ပြည်တွင်းသို့ ရောက်ရှိသူများ အား အသွားအလာကန့်သတ်ထားရှိရန် နေရာများ ရရှိရန်ရှာဖွေနေမှု အခြေအနေများ၊ နယ်စပ် ဝင်/ထွက်ပေါက်များမှ ပြည်တွင်းသို့ မြန်မာနိုင်ငံသားများ ဝင်ရောက်နေမှု အခြေအနေ၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ ရပ်ကွက်၊ ကျေးရွာများတွင် လက်ကိုင်အသံချဲ့စက်ငယ်များ အသုံးပြု၍ အသွားအလာကန့်သတ်ခြင်းတွင် ပူးပေါင်းဆောင်ရွက်ရန်နှင့် ရောဂါကာကွယ် ရေး နည်းလမ်းများကို လိုက်နာဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်နေမှုများ၊ COVID-19 ရောဂါ ရှာဖွေစစ်ဆေးရေးအတွက် Rapid Diagnosis Test Kit များ အသုံးပြုပါက ဖြစ်ပေါ်လာနိုင်သည့် အားသာချက်နှင့် အားနည်းချက်များ၊ တစ်ကိုယ်ရည်သုံးရောဂါ ကာကွယ်ရေးဝတ်စုံများ၊ အသက်ရှူစက်များ အပါအဝင် ဆေးနှင့် ဆေးပစ္စည်းများ ဖြန့်ဝေထားရှိမှု၊ မှာယူထားရှိမှုနှင့် ထပ်မံရောက်ရှိလာမည့်အခြေအနေ၊ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၈ ဦးနှင့် ထိတွေ့ခဲ့သူများကို ရှာဖွေ ထောက်လှမ်း ဖော်ထုတ်ကာ (contact tracing) ကာ အသွားအလာ ကန့်သတ်ထားရှိမှု၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက် နေမှုအခြေအနေနှင့် လုပ်ငန်းလိုအပ်ချက်များ၊ ဆေးရုံများတွင် စောင့်ကြည့်လူနာများနှင့် COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအား သီးခြားထားရှိ ကုသပေးနေမှုများနှင့် လူနာများ ထပ်မံတွေ့ရှိပါက ပြင်ဆင်ထားရှိသည့် အခြေအနေ၊ စောင့်ကြည့်လူနာများနှင့် COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအား ကုသမှုပေးခဲ့သည့် ကျန်းမာရေးဝန်ထမ်းများ နေထိုင်စားသောက်နိုင်ရန် အစီအစဉ်များ ပြုလုပ်ထားရှိမှု၊ အခြားနိုင်ငံများတွင် COVID-19 ရောဂါကုသရာတွင် Hydroxychloroquine နှင့် Azithromycin ဆေးဝါးများ အသုံးပြုနေမှုအခြေအနေများ နှင့် ကုထုံးဆိုင်ရာကိစ္စရပ်များ နှင့် အထွေထွေကိစ္စရပ်များ ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
.
အစည်းအဝေးသို့ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန)၊ ညွှန်ကြားရေးမှူးချုပ် (ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန)၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီး များနှင့် ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး၊ ကုသရေး၊ ဝယ်ယူဖြန့်ဖြူးရေး၊ ဝန်ထမ်းရေးရာ၊ ဓာတ်ခွဲ၊ ကျန်းမာရေးအသိပညာ မြှင့်တင်ရေး၊ eHealth၊ ပြည်တွင်းပြည်ပဆက်ဆံရေး၊ စီမံခန့်ခွဲရေး စသည့် ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About