မိုင်းကိုင် တိုက်ပွဲမှ နှစ်ဘက်တပ်များ ပြန်လည် ဆုတ်ခွာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, March 1, 2020

မိုင်းကိုင် တိုက်ပွဲမှ နှစ်ဘက်တပ်များ ပြန်လည် ဆုတ်ခွာ


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်တွင် တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့တို့ အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများအား ရပ်နားကာ နှစ်ဘက်လုံး ပြန်လည် ဆုတ်ခွာကြပြီ ဖြစ်ကြောင်း သိရသည်။ 
.
Photo - Tai Freedom

.
“တပ်မတော်နဲ့ ညှိနှိုင်းဆွေးနွေး ကြည့်တော့ တိုက်ပွဲကြောင့် ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ၊ နိုင်ငံရေး ဆွေးနွေးပွဲတွေ မထိခိုက်စေချင်တဲ့အတွက် ပြန်လာပါတယ်။ ကျွန်တော်တို့ဘက်ကလည်း ဆုတ်ခွာပေးပြီးပြီ။ တပ်မတော်ဘက်က လည်း ကျွန်တော်တို့ကို လိုက် မတိုက်ပါဘူးဆိုတဲ့ သဘောတူညီချက်နဲ့ နှစ်ဘက်လုံး ခွာပြီး တိုက်ပွဲ ငြိမ်းသွားပါပြီ” ဟု RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းအုမ်းခေးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ တိုက်ပွဲများ ရပ်နားသွားခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ကုန်းယောင်၊ ဖားပါး၊ ဆန်ပုံ၊ နောင်အုံ ကျေးရွာများမှ ပုန်းဆုံကျောင်း၊ ဝေလွိုင်ကျောင်း၊ ကောင်းမူးဆိုင်းကျောင်းတို့တွင် တိုက်ပွဲရှောင် နေကြရသည့် ဒေသခံ အချို့ နေရပ်သို၌ ပြန်သွားကြပြီဖြစ်ကာ တိုက်ပွဲမှာ ပစ်ခတ်သံ အနည်းငယ် ကြားနေရသေးကြောင်း မိုင်းကိုင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံထံက သိရသည်။
.
ကျေးသီးမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံမိန်းက ပြောကြားရာတွင်မူ ကျေးသီးဘက်မှ တိုက်ပွဲရှောင် ရောက်ရှိလာသည့် ၁၁၄ ဦးအနက် ၇ ဦးမှာ မြို့ပေါ်သို့ ရောက်ရှိလာပြီး ကျန် ၁၀၇ ဦးမှာ နေရပ်သို့ ပြန်နိုင်ခြင်း မရှိသေးကြောင်း ပြောဆိုခဲ့သည်။
.
“အခု တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က မူးယစ်ဆေးဝါး လုပ်တာနဲ့ ပတ်သက်လို့ ကျွန်တော်တို့ကို တိုက်ခိုက်တယ် ဆိုတာ လုံးဝ မှားတယ်။ ဝန်ကြီး ခရီးစဉ် ရှိလို့ ကျွန်တော်တို့ကို မလှုပ်ရှားပါနဲ့လို့ တပ်မတော်က အကြောင်းကြားလို့ အဲဒီ တောင်ကုန်းပေါ်မှာ စုရုံးထားလိုက်တာ။ အဲဒီအချိန်မှာပဲ ၂၇ ရက်က အင်အား ၄၀၀ လောက်နဲ့ လာတိုက်တယ်။ ၂၈ ရက်၊ ၂၉ ရက်မှာ အင်အား ၅၀၀ လောက် ထပ်ဖြည့်ပြီးတော့ ၉၀၀ ၊ ၁၀၀၀ လောက်နဲ့ လာတိုက် တယ်။ ကျွန်တော်တို့ဘက်က ၄ ယောက် အသေးစား ထိခိုက်ဒဏ်ရာ ရတယ်၊ တပ်ဘက်ကတော့ အရာရှိ အပါအဝင် ၁၀ ယောက်လောက် ကျတယ်လို့ သိရတယ်။ သေနတ် ၁၀ လက်လည်း ရလိုက်တယ်။ ” ဟု ဒုဗိုလ်မှူးကြီး စိုင်းအုမ်းခေးက ဆက်လက် ပြောဆိုခဲ့သည်၊။
.
တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ငြိမ်းချမ်းရေးနှင့် ၂၁ ရာစု ပင်လုံအတွက် အနည်းငယ် သက်ရောက်မှု ရှိနိုင်ကြောင်းကိုလည်း ယင်းက ပြောဆိုခဲ့သည်။
.
အဆိုပါ အခြေအနေနှင့် ပတ်သက်၍ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ထုတ်ပြန်ထားသည့် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့် ရှိသူထံသို့ ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာတွင် ဖုန်းကိုင် ဖြေကြားခြင်း မရှိခဲ့ချေ။
.
တိုက်ပွဲ ဖြစ်ပွားရာ လွယ်တောင်း တောင်မှာ မိုင်းကိုင်မြို့၏ အရှေ့တောင်ဘက် မိုင် ၂၀ ခန့်အကွာ၊ ကျေးသီး မြို့မှ ၁၃ မိုင် ခန့် အကွာတွင် တည်ရှိပြီး မိုင်းကိုင်မြို့နယ်၊ ကျေးသီးမြို့နယ်နှင့် သီပေါမြို့နယ်တို့ ဆုံရာ နယ်စပ်တွင် တည်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About