လားရှိုးတွင် ထီလက်မှတ်များကို အဆမတန်ဈေးဖြင့် ရောင်းချနေသည့် သတင်းထောက်အမည်ခံ ၄ ဦးကို လိမ်လည်မှု ဖြင့် အမှုဖွင့် - Kanbawza Tai News

Breaking

Boxed(True/False)

Monday, March 9, 2020

လားရှိုးတွင် ထီလက်မှတ်များကို အဆမတန်ဈေးဖြင့် ရောင်းချနေသည့် သတင်းထောက်အမည်ခံ ၄ ဦးကို လိမ်လည်မှု ဖြင့် အမှုဖွင့်

စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် မတ်လ ၆ ရက်က မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေ တံဆိပ်ပါ ထီလက်မှတ် ၁၀ စောင်တွဲကို ငွေကျပ် ၈၀၀၀၀ ဖြင့် အဆမတန် ဈေးမြှင့်တင်ရောင်းချနေသည့် အမိမြေသတင်းထောက်အမည်ခံ အမျိုးသား ၄ ဦးကို လိမ်လည်မှုများဖြင့် ဖမ်းဆီးအရေးယူထားကြောင်း လားရှိုးမြို့မရဲစခန်းမှ သိရသည်။
.
 
.
“သက်ဆိုင်တဲ့ အဖွဲ့အစည်းကလည်း သူတို့လိုဂို ယူသုံးတာကို တရားစွဲထားတယ်” ဟု လားရှိုးမြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်ကျော်က ပြောသည်။
.
ပြီးခဲ့သည့် မတ်လ ၆ ရက်၊ နံနက် ၁၁ နာရီခန့်က လားရှိုးမြို့၊ ရပ်ကွက် (၁)၊ နယ်မြေ (၇)၊ အေးချမ်းသာယာလမ်းသွယ် (၇) ရှိ နေအိမ်တစ်အိမ်တွင် အမိမြေသတင်းစုံဂျာနယ်အဖွဲ့ ဟုဆိုကာ မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေတံဆိပ်ပါ ထီလက်မှတ် ၁၀ စောင်တွဲ တစ်တွဲအား ငွေကျပ် ၈၀၀၀၀ ဖြင့် လိမ်လည်ရောင်းချနေကြောင်း အကြောင်းကြားချက်အရ နယ်ထိန်းတပ်ဖွဲ့မှ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ အမိမြေသတင်းထောက် ဆိုသူ မြတ်မင်း၊ မောင်မောင်ကြည်၊ ဇေယျာမောင်ကြည်နှင့် ဟိန်းထက်တို့ ၄ ဦးအား တွေ့ရှိခဲ့ရကြောင်း သိရသည်။
.
ဆက်လက်ပြီး စစ်ဆေးချက်အရ မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေ တံဆိပ်ပါ ထီ လက်မှတ် ၁၀ စောင်တွဲ ၁၀ တွဲ၊ ဇောယျာမောင်ကြည် အမည်ပါ အမိမြေသတင်းထောက်ကတ် ၁ ကတ်၊ မောင်မောင်ကြည် အမည်ပါ အမိမြေသတင်းထောက်ကတ် ၁ ကတ်၊ မောင်မောင်ကြည် အမည်ပါ နိုင်ငံသားစိစစ်ရေးကတ်၊ မောင်မောင်ကြည် အမည်ပါ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လိုဂိုဖြင့် ပြုလုပ်ထားသည့် လိပ်စာကတ် ၅ ကတ်၊ ပျောက်ကျား ဘေးလွယ်အိတ် ၃ လုံး၊ ရဲတပ်ဖွဲ့ဝင်များအတွက် ဥပဒေနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ဥပဒေစာအုပ် ၁ အုပ်နှင့် ၎င်းတို့ စီးနင်းလာသည့် MARK II အဖြူရောင်မော်တော်ယာဉ်တစ်စီး တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ ထီလက်မှတ်များကို နိုင်ငံတော်မှ တရားဝင်သတ်မှတ်ထားသည့် ဈေးနှုန်းထက် အဆပေါင်းများစွာ ဈေးနှုန်း တင်ရောင်းချခြင်း၊ အမိမြေသတင်းစုံဂျာနယ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လိုဂိုတို့ကို အသုံးပြုခြင်း တို့ကြောင့် လားရှိုးမြို့၊ ရပ်ကွက် (၁၀)နေ မြတ်မင်း (၄၇ နှစ်)၊ မန္တလေး၊ ချမ်းမြသာစည်၊ အောင်သာယာရပ်ကွက်နေ မောင်မောင်ကြည် (၅၀ နှစ်)၊ လိပ်စာတူနေ ဇေယျာမောင်ကြည် (၂၂ နှစ်)၊ လားရှိုးမြို့၊ ရပ်ကွက်(၁၀) နယ်မြေ(၈)နေ ဟိန်းထက် (၁၆ နှစ်) တို့ကို  လားရှိုးမြို့မရဲစခန်းတွင် (ပ)၁၆၄/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀၊ ၄၆၈ တို့ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)