လားရှိုးဆေးရုံ၌ သေဆုံးခဲ့သော သံသယလူနာတွင် COVID-19 ရောဂါပိုးမရှိကြောင်း ထုတ်ပြန် - Kanbawza Tai News

Breaking

Boxed(True/False)

Saturday, March 7, 2020

လားရှိုးဆေးရုံ၌ သေဆုံးခဲ့သော သံသယလူနာတွင် COVID-19 ရောဂါပိုးမရှိကြောင်း ထုတ်ပြန်

ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူပြီးနောက် သေဆုံးခဲ့သည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ အသက် ၄၀ နှစ်အရွယ် သံသယလူနာ အမျိုးသားတွင် COVID-19 ရောဂါပိုး မရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ မတ်လ ၇ ရက်၊ ညနေ ၄ နာရီခွဲတွင် ထုတ်ပြန်ကြေညာခဲ့သည်။
.
 
.
အဆိုပါ အမျိုးသားသည် မတ်လ ၅ ရက်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရွှေလီမြို့မှ မန္တလေးမြို့သို့ သွားရောက်စဉ် လားရှိုးမြို့အရောက်၌ အသက်ရှူကြပ်ကာ မောလာသဖြင့် မတ်လ ၅ ရက်၊ ည ၈ နာရီခွဲခန့်တွင် လားရှိုးပြည်သူ့ ဆေးရုံကြီးသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ယင်းနေ့ည ၉ နာရီခွဲခန့်တွင် ရောဂါအခြေအနေ ပိုမိုဆိုးရွားလာကာ နှလုံး ကောင်းစွာအလုပ်မလုပ်ခြင်း၊ သေချာစွာကုသမှုမရရှိထားသော ဆီးချိုရောဂါနှင့် အဆုတ်ရောင်ခြင်းတို့ကြောင့် သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး လူနာအား ရောဂါရာဇဝင် စစ်ဆေးမေးမြန်းချက်အရ ၎င်းသည် လွန်ခဲ့သော ၅ လခန့်မှစ၍ ဆီးချိုရောဂါခံစားနေရပြီး ဖျားခြင်း၊ ချောင်းဆိုးခြင်း စသည့်လက္ခဏာများအား လွန်ခဲ့သော ရက်ပေါင်း ၄၀ ခန့်က စတင်၍ ခံစားနေခဲ့ရကြောင်း သိရှိရသဖြင့်၎င်းအား သံသယလူနာအဖြစ်သတ်မှတ်၍ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် သီးခြားထားရှိ၍ ဆေးကုသမှုများ ပေးရန် စီစဉ်ဆောင်ရွက်ပြီး အဆိုပါ လူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယင်း လူနာ အပါအဝင် မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်/သံသလူနာများအနက်မှ သေဆုံးသူ ၃ ဦး ရှိသွားပြီဖြစ်ပြီး ယင်းလူနာ ၃ ဦးလုံးတွင် COVID-19 ရောဂါပိုးမရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပြီးဖြစ်သည်။
.
လားရှိုးဆေးရုံမှ အဆိုပါ သေဆုံးလူနာ အပါအဝင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့သော ရပ်စောက်မြို့မှ အသက် ၃၄ နှစ် အရွယ် သေဆုံးလူနာနှင့် အင်းစိန်အထွေထွေရောဂါကု ဆေးရုံကြီးတွင် စောင့်ကြပ်ကြည့်ရှုကုသမှု ခံယူနေသော ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်မှ အသက် ၁၄ နှစ်အရွယ် လူနာတို့ ၃ ဦးတွင် COVID-19 ရောဂါပိုး မရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစသည်။
.
ထို့အပြင် ဝေဘာဂီအထူးကုဆေးရုံတွင် အသွားအလာကန့်သတ်ကာ ရောဂါဖြစ်ပွားမှု ရှိ၊ မရှိ စောင့်ကြပ်ကြည့်ရှုမှု ခံယူနေသည့် ကိုရီးယားသမ္မတနိုင်ငံရှိ ရောဂါကူးစက်မှု အမြင့်ဆုံးမြို့ဖြစ်သော ဒယ်ဂူးမြို့မှ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသည့် မြန်မာနိုင်ငံသား ကျောင်းသူ ၁၀ ဦး ထံမှ ဓာတ်ခွဲနမူနာများရယူကာ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) တွင် စစ်ဆေးခဲ့ရာ ၎င်းတို့ ၁၀ ဦးလုံးတွင်လည်း COVID-19 ရောဂါပိုး မရှိကြောင်း ထုတ်ပြန် ကြေညာထားသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)