ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
တာချီလိတ်မြို့ရှိ ဝမ်ပုံဆိပ်ကမ်းမှ မဲခေါင်မြစ်အား ဖြတ်သန်း၍ လာအိုနိုင်ငံ၊ မိုင်းမောဆိပ်ကမ်း
သို့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို မတ်လ ၂၃ ရက်မှ စတင်၍ လာအိုနိုင်ငံဘက်က
ပိတ်ပင်ထားကြောင်း သိရသည်။
.
.
မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှူး
ဦးသန်းဦး ဦးဆောင်သည့် အဖွဲ့နှင့် လာအိုနိုင်ငံမှ ဗိုလ်မှူး Mr.Onchan Xayya
Xayya ဦးဆောင်သည့် အဖွဲ့တို့သည် မတ်လ
၂၃ ရက်က မြန်မာနိုင်ငံ၊ ဝမ်ပုံဆိပ်ကမ်းရှိ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနရုံးတွင် တွေ့ဆုံပြီးနောက်
ထိုကဲ့သို့ ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“လာအိုနိုင်ငံဘက်က
COVID-19 ကူးစက်ရောဂါ ထိန်းချုပ်မှု
အနေနဲ့ ဧပြီလ ၂၁ ရက်အထိ ပိတ်ထားမယ်လို့ သိရ ပါတယ်။ လာအိုနိုင်ငံဘက်မှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကိုတော့
ပြန်ထွက်ခွင့် ပြုပေးထားပါတယ်” ဟု ကျိုင်းတုံမြို့ရှိ တွဲဘက်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှအေးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ လာအိုနိုင်ငံဘက်မှ
ပိတ်ပင်မှုနှင့် ပတ်သက်၍ ဝမ်ပုံဆိပ်ကမ်းအနီးတွင် နေထိုင်သူ ဒေသခံတစ်ဦးက “မဲခေါင်မြစ်ကို
နေ့စဉ် ဖြတ်ကူးသွားလာ လုပ်ကိုင်စားသောက်နေသူတွေအတွက်တော့ အခက်အခဲ ဖြစ်သွားပါမယ်။ ပြီးတော့
မဲခေါင်မြစ် ကူးတို့ဆိပ်က စက်လှေသမားတွေတော့ ဝင်ငွေမရှိ ဖြစ်သွားမယ်” ဟု ၎င်း၏အမြင်ကို
ပြောဆို ခဲ့သည်။
.
တာချီလိတ်မြို့တွင်
ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့နှင့် ဆက်သွယ်ထားသည့် အမှတ် (၁) နှင့် အမှတ် (၂) ချစ်ကြည်ရေး
တံတားမှ မြန်မာနိုင်ငံသားများ ဝင်ရောက်ခြင်းကို မတ်လ ၂၃ ရက်မှ စတင်၍ ထိုင်းနိုင်ငံဘက်မှ
စတင်ပိတ်ထားသလို လာအိုနိုင်ငံမှလည်း မဲခေါင်မြစ်မှ ဖြတ်သန်းဝင်ရောက်လာမည့် မြန်မာနိုင်ငံသားများကို
ဝင်ရောက်ခွင့် ပိတ်ပင်လိုက် ခြင်းဖြစ်ကြောင်း သိရသည်။
.
မြန်မာနှင့် လာအိုနိုင်ငံတို့သည်
ယနေ့ မတ်လ ၂၃ ရက်၊ နေ့လယ်ပိုင်းအထိ အာဆီယံဒေသတွင်း ၁၀ နိုင်ငံတွင် COVID-19 ကူးစက်ရောဂါ အတည်ပြုလူနာ တွေ့ရှိခြင်းမရှိသေးသည့်
နိုင်ငံများဖြစ်သည်။
.