ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
ကျိုင်းတုံမြို့နယ်တွင် စိုက်ပျိုးထားပြီး ဖြစ်သည့် နွေစပါး စိုက်ခင်း အချို့တွင် ရေ
ပြတ်လပ်မှု ရှိသဖြင့် အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
.
"အဓိက
ကတော့ စိုက်ပျိုးရေ လုံလောက်အောင် မရလို့ ဖြစ်ပါတယ်။ ခု စိုက်ထားပြီးတဲ့ လယ်တချို့ဆိုရင်
စက်နဲ့ ရေ တင်ဖို့အတွက်တောင် ရေ မရှိတဲ့ အခြေအနေ ဖြစ်နေပါတယ်"ဟု ကျိုင်းတုံမြို့နယ်
စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်ကျော်မင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျိုင်းတုံမြို့နယ်
စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ပြန်သည့် စာရင်းများအရ ၂၀၂၀ ပြည့်နှစ် နွေစပါး စိုက်ပျိုးရန်
လျာထားချက်မှာ ၈၈၈၇ ဧက ဖြစ်သော်လည်း အမှန်တကယ် စိုက်ပျိုးနိုင်သည့် ဧကမှာ ၆၂၃၀ သာ ရှိကြောင်း
သိရသည်။
.
ကျိုင်းတုံမြို့နယ်တွင်
နွေစပါး စိုက်ပျိုးထားပြီး ဖြစ်သော်လည်း သွင်းရေ မရရှိ၍ အခက်အခဲနှင့် ရင်ဆိုင်နေရသည့်
ဒေသများမှာ ကတ်ဖကျေးရွာအုပ်စု၊ ဝပ်ဆောင်းကျေးရွာအုပ်စုရှိ လွယ်ခိုက်ကျေးရွာနှင့် မိုင်းဇင်းကျေးရွာအုပ်စုရှိ
လယ် အချို့တို့ ပါဝင်ပြီး ယင်းနေရာများ၌ ဆည်ရေသောက် စနစ်ဖြင့် ရေပေးဝေနိုင်ခြင်း မရှိကြောင်း
သိရသည်။
.
ကျိုင်းတုံမြို့နယ်တွင်
၂၀၁၉ ခုနှစ် မိုးရာသီကာလ၌ မိုးရွာသွန်းမှု နည်းပါးခဲ့ပြီး တောမီး ရှို့ခြင်း ၊ တောင်ယာမြေ
ခုတ်ထွင်တိုးချဲ့ခြင်း ၊ တရားမဝင် သစ် ထုတ်ခြင်း၊ အစိုးရစီမံကိန်းကြောင့် သစ်တော ရှင်းလင်းခြင်း
၊ ထင်းမီးသွေး ထုတ်လုပ်ခြင်း စသည်တို့ကြောင့် စိမ့်စမ်းရေနှင့် ချောင်းအချို့ ရေခန်းခြောက်မှုကို
ကြုံ တွေ့နေရသည်ဟု ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။