.
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ KTV
များ၊ ကလပ်များကို COVID-19 ကြိုတင် ကာကွယ်ရေး အနေဖြင့် လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက်
ယာယီ ပိတ်သိမ်းရန် ရှမ်းပြည်နယ်အစိုးရက ညွှန်ကြားထားသော်လည်း KTV ဆိုင်အချို့မှာ ပိတ်သိမ်းခြင်း
မရှိဘဲ ဆက်လက် ဖွင့်လှစ်နေလျက် ရှိကြောင်း သိရသည်။
.
“ တချို့ဆိုင်တွေ ဖွင့်ထားတယ်။ မနေ့က တွေ့ခဲ့တဲ့
ဆိုင်မှာတော့ လူတွေ အပြည့်ပဲ။ အိမ်က သား ပျောက်လို့ လိုက် ရှာတာ --- KTV ဆိုင်မှာ ပြန်တွေ့တယ်။
အခန်း အပြည့် လူ အပြည့်ပဲ။ အရက်၊ ဘီယာတွေကိုလည်း ဘယ်လို သောက်ရင် ဘယ်လို လျှော့ပေးမယ်လို့တောင်
ရေးထားတာ တွေ့ခဲ့တယ်။ လူကြီးတွေ ကိုယ်တိုင် ခွင့်ပြုထားလို့ သိရတယ်။ အဲဒီဆိုင်တွေက
ရောဂါ ကူးစက်နိုင်ခြေ ပို များပါတယ်။” ဟု တောင်ကြီးမြို့နေသူ တစ်ဦးက ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ
KTV များ၊ ကလပ်များ ပိတ်သိမ်းရေး ဆောင်ရွက်ရန်နှင့် စားသောက်ဆိုင်များတွင် ဆိုင်ထိုင်၍
စားသောက်ခြင်း ရှောင်ရှားရန်အတွက် ပြည်သူများအား အသိပညာ ပေးရန်အတွက် မတ်လ ၂၄ ရက်က ပြုလုပ်ခဲ့သော
COVID-19 ကာကွယ်ထိန်းချုပ် ကုသရေး ပြည်နယ်အဆင့် လုပ်ငန်းကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း
ဖြစ်သည်။
.
ဆိုင် ပိတ်သိမ်းမှု မပြုဘဲ ဆက်လက် ဖွင့်လှစ်နေခြင်းနှင့်
ပတ်သက်၍ တောင်ကြီးမြို့ပေါ်ရှိ KTV ဆိုင် တစ်ခုအား သွားရောက် မေးမြန်းမှုများ ပြုလုပ်ခဲ့ရာ
“ ကျွန်တော်တို့က ချက်ချင်း ပိတ်ဖို့ပါပဲ။ ပစ္စည်း လက်ကျန်ရယ်၊ ဝန်ထမ်းတွေကို ထောက်ပံ့ပေးဖို့လေးတွေ
ရှိတယ်။ လစာ ချက်ချင်း လွှဲပေးရမယ်ပေါ့။ မနက်ဖြန် ပစ္စည်း လက်ကျန်တွေကို ကုမ္ပဏီတွေ
ပြန်ပေးပြီး ပိတ်ဖို့ စီစဉ်ပါမယ်။ လာတဲ့ ဧည့်သည် ဆိုတာကလည်း စားသောက်တာ မရှိဘူး၊ ဆိုတာလောက်ပဲ
ရှိပါတယ်။ ဆိုင် ပိတ်ပြီဆိုရင် ဝန်ထမ်းတွေအတွက် စိုးရိမ်တာပေါ့၊ မိသားစုလို ဖြစ်နေကြတာပေါ့။”
ဟု ပြောဆိုခဲ့သည်။
.
တောင်ကြီးမြို့ရှိ KTV ဆိုင် အချို့ ဖွင့်လှစ်နေမှုကြောင့်
လူငယ်များက သွားရောက် သီဆိုနေခြင်းများ ပြုလုပ်နေသည့်အတွက် အုပ်ထိန်းသူ မိဘများက စိုးရိမ်မှုများ
ဖြစ်ပေါ်နေကာ ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးထံ သွားရောက် အကြောင်းကြားသော်လည်း ထူးခြားမှု
မရှိဘဲ ဖြစ်နေကြောင်း သိရသည်။
.
“ အစိုးရက စာရွက်ပေါ်မှာပဲ ထုတ်ပြန်တာလားလို့
မေးခွန်း ထုတ်ချင်တယ်။ ခင်ဗျားတို့ မီဒီယာ ကမ္ဘောဇတိုင်းက ရေးထားတာ အစိုးရ လုပ်နေတယ်လို့
ပြောတာရော။ အကုန် ပေါင်းပြီး လိမ် မနေနဲ့ လိုက် ကြည့်လိုက်။ သူဌေးတွေကို ကြောက်လို့
မရေးရဲရင်လည်း ပြောစရာ မရှိတော့ဘူး။ ကျုပ်တို့ ပြည်သူက ဘယ်သူ့ကို ယုံရမှာတုန်း။” ဟု
သမီးဖြစ်သူ KTV သွား၍ စိုးရိမ်နေသည့် မိဘ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ဆက်သွယ်၍ ပြောကြားသည်။
.
ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီမှလည်း
COVID-19 ရောဂါ မပြန့်ပွားစေရေးအတွက် ပြည်နယ် အတွင်းရှိ စားသောက်ဆိုင်များတွင် ဆိုင်ထိုင်၍
စားသုံးခြင်း မပြုကြဘဲ ပါဆယ် ဝယ်ယူ၍ မိမိ နေထိုင်ရာ နေရာတွင်သာ စားသောက်ကြရန် ထုတ်ပြန်
ထားသည်။