မောင်မောင်သန်း
(တောင်ကြီး)
.
ရှမ်းပြည်နယ်အတွင်းရှိ
မြို့နယ်အသီးသီးမှ KTV များ၊
ကလပ်များ ပိတ်သိမ်းရေး ဆောင်ရွက်ရန်နှင့် စားသောက်ဆိုင် များတွင် ဆိုင်ထိုင်စားသောက်ခြင်း
ရှောင်ရှားရန်အတွက် ပြည်သူများအား ပြန်ကြားရန် COVID-19 ကာကွယ်ထိန်းချုပ်
ကုသရေး ပြည်နယ်အဆင့် လုပ်ငန်းကော်မတီ အစည်းအဝေးမှ ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။
.
.
ရှမ်းပြည်နယ် Coronavirus
Disease 2019 (COVID-19) ကာကွယ်၊
ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို မတ် ၂၄ ရက် မွန်းလွဲ ၂ နာရီက
တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်း အဝေးတွင် ယင်းကဲ့သို့
ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
.
အစည်းအဝေးတွင် ရှမ်းပြည်နယ်အတွင်း
Coronavirus Disease 2019 (COVID-19)
ရောဂါကာကွယ်၊ ထိန်းချုပ်၊
ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး
ဒေါက်တာမျိုးထွန်း က ရှမ်းပြည်နယ်ဒေသတွင် နယ်စပ်ဒေသများကို ရောဂါကာကွယ်ရေး အတွက်
ကြိုတင်အသိပေးအကြောင်းကြားထားပြီး ဖြစ်ကြောင်း၊ ကျန်းမာရေးဌာနနှင့် ပူပေါင်း၍
ပညာပေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကြိုတင်ကာကွယ်မှုအနေဖြင့်
တိရစ္ဆာန်မှတဆင့် ကူးစက်နိုင်ကြောင်း ကြိုတင်အသိပေးစာများလည်း မတ်လ ၂၄ ရက်တွင် ထုတ်ဝေထားပြီးဖြစ်ကြောင်း၊
ယနေ့အစည်းအဝေးတွင် ဌာနများအလိုက် ကော်မတီများဖွဲ့စည်းထားပြီး ဖြစ်၍ ဌာနများက
ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးကြရန် အဖွင့်အမှာစကား ပြောကြားခဲ့သည်။
.
ဆက်လက်၍ COVID-19 ကုသရေးလုပ်ငန်းကော်မတီ
အတွင်းရေးမှူး ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊
ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသူဇာချစ်တင်မှ တင်ပြဆွေးနွေးပြီး
တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးကြသည်။
.
ထို့နောက် Coronavirus
Disease 2019 (COVID-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ
ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း မှ
အစည်းအဝေးဆုံးဖြတ်ချက်များအား ဖတ်ကြားပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း
သိရသည်။
.
အဆိုပါ အစည်းအဝေးတွင်
COVID-19 ကာကွယ်ရေးအမျိုးသားအဆင့်
ဗဟိုကော်မတီမှ ပြည်သူများထံ ပန်ကြားချက်နှင့် အသိပညာပေးသည့်မှာကြားချက်များအား
ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှတဆင့် ပြည်သူများထံ ပန်ကြားပေးရန်
(တိုင်းရင်းသားဘာသာများဖြင့် ပြန်ကြားပေးရန်)၊ နိုင်ငံခြားမှ
ပြန်လည်ရောက်ရှိလာသူများအား သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့မှ သတင်းပေးပို့ရေး၊ သတင်း ရရှိရေးဆောင်ရွက်ရန်၊ Facilitate
Quarantine နှင့်ပတ်သက်ပြီး
တက္ကသိုလ်၊ ဟိုတယ်၊ ဘုန်းတော်ကြီးကျောင်းစာရင်း များကို မြို့နယ်အလိုက်
စုစည်းတင်ပြရန်၊ Facilitate/ Home Quarantine များနှင့် ပတ်သက်ပြီး လိုက်နာရမည့်အချက် များ
မြို့နယ်အလိုက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျန်းမာရေးမှူးတို့နှင့်
ပူးပေါင်းဆောင်ရွက်ရန်၊ မတ်လ ၂၄ ရက်မှ စတင်၍ KTV များ၊ ကလပ်များ ပိတ်သိမ်းရေး ဆောင်ရွက်ရန်၊
သတင်းရရှိရေးနှင့် အရေးပေါ်လူနာပေးပို့ရေးအတွက် မြို့နယ်အလိုက်
အဖွဲ့ဖွဲ့စည်းချိတ်ဆက်ဆောင်ရွက်ရန် (ပြည်နယ်ကော်မတီသို့ စာရင်းပြုစုပေးပို့ရန်)၊
လက်ဖက်ရည် ဆိုင်၊ စားသောက်ဆိုင်၊ ညဈေး၊ ဆိုင်ထိုင်စားသောက်ခြင်း
ရှောင်ရှားရန်အတွက် စည်ပင်သာယာရေးဌာနမှ ပြည်သူများ အား ပန်ကြားရန်၊ COVID-19
အသိပညာပေးလုပ်ငန်းများအား
ဌာနအားလုံးပေါင်းစပ်ဆောင်ရွက်ရန်၊ လူအများ စုဝေး သည့် ဘုရားပုထိုးနေရာများအား
အချိန်ကန့်သတ် ဆောင်ရွက်ရန်၊ လူထူထပ်သည့်နေရာများသို့ သွားရောက် ခြင်းအား
ရှောင်ရှားစေနိုင်ရေးအတွက် ဌာနဆိုင်ရာများအားလုံး ဌာနအတွင်း
နှိုးဆော်ဆောင်ရွက်ရန်၊ ဌာနအလိုက် (COVID-19) စောင့်ကြပ်စစ်ဆေးရေးလုပ်ငန်းဆောင်ရွက်ရန်
(ရုံးအဝင်ဝတွင် လက်ဆေးကန်၊ ဆပ်ပြာရည်စီစဉ်ဆောင်ရွက်ပေးရန်)၊
မြို့အဝင်အထွက်ဂိတ်များ လုပ်ငန်းကော်မတီဖွဲ့စည်းပြီး (COVID-19) စောင့်ကြပ်စစ်ဆေးရန် စသည်တို့ကို ဆုံးဖြတ် ခဲ့ကြောင်း
သိရသည်။
.