ကွတ်ခိုင်တွင် မူးယစ်ဆေးဝါးချက်လုပ်သူ ၂ ဦးအား ဖမ်းဆီးရမိထားကြောင်း တပ်မတော် သတင်းထုတ်ပြန် - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Saturday, March 7, 2020

ကွတ်ခိုင်တွင် မူးယစ်ဆေးဝါးချက်လုပ်သူ ၂ ဦးအား ဖမ်းဆီးရမိထားကြောင်း တပ်မတော် သတင်းထုတ်ပြန်


စိုင်းသိခ်သူ
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်းကျေးရွာအနီးတွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိမှုနှင့် ပတ်သက်၍ ယင်းမူးယစ်ဆေးဝါး ချက်လုပ်ရာတွင် ပါဝင်ပတ်သက်ခဲ့ဖူးသည့် အမျိုးသား ၂ ဦးအား မတ်လ ၅ ရက်က ဖမ်းဆီးရမိထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မတ်လ ၆ ရင်တွင် သတင်းထုတ်ပြန်ထားသည်။
.
 
.
ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လွယ်ခမ်း ကျေးရွာအနီးတွင် ဖေဖော်ဝါရီလ ၂၈ ရက်မှ မတ်လ ၁ ရက်အတွင်း မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ် ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ပြီး ယင်းနေရာများတွင် အလုပ် လုပ်ကိုင်ခဲ့ဖူးသည့် ကွတ်ခိုင်မြို့နယ်၊ မန်ပြိန်းကျေးရွာနေ ဘောမ်တိမ်း နှင့် ထိန်ပေါင်း တို့ ၂ ဦးအား မတ်လ ၅ ရက်၊ နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ဖမ်းဆီးရမိသူ ၂ ဦးအား စစ်ဆေးမေးမြန်းမှုများအရ မန်ပြိန်းကျေးရွာ၏ အနောက်ဘက် ၂ မိုင်ခန့်အကွာ ဒေသအခေါ် ကြမ်းမလန်းတက်ရေချောင်းအနီးနှင့် ပတ်ဝန်းကျင်နေရာများသည် မူးယစ်ဆေးဝါးချက်လုပ်သည့် နေရာများ ဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့် စက်ရုံပိုင်ရှင်မှာ ကွတ်ခိုင်မြို့၊ အမှတ်(၄)ရပ်ကွက်တွင် နေထိုင်သူ ဦးလျှိုပါ့ ဖြစ်ပြီး ၎င်းမှာ ၂၀၁၅ ခုနှစ်ခန့်တွင် ကွတ်ခိုင်မြို့၊ အမှတ်(၄)ရပ်ကွက်မှ    ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်ကျေးရွာ၊ ကချင်ရွာသစ်(တိုးချဲ့ကွက်သစ်)သို့ ပြောင်းရွှေ့ လာခဲ့ပြီး RC တစ်ထပ်တိုက်တစ်လုံး ဆောက်လုပ်၍ မိသားစု ၃ ဦး/၄ ဦးခန့် နေထိုင်ကြောင်း၊ ကချင်ရွာသစ်တွင် RC တစ်ထပ်တိုက်၊ ကားဂိုဒေါင်နှင့် ၃ ဧက ခန့်ရှိ ငါးကန်ပါခြံဝန်း၌ မူးယစ် ဆေးဝါးချက်လုပ်သည့် တရုတ်ပညာရှင်များ၊ တရုတ်အလုပ်သမားများ နေထိုင်ကြောင်း၊ လွယ်ခမ်ရွာ၊ ကချင်ရွာသစ် (တိုးချဲ့ကွက်သစ်)တို့တွင် မြေကွက်တစ်ကွက်အား ခြံစည်းရိုးကာရံ၍ ၆ ဘီးကား၊ ၁၂ ဘီး ကား၊ တွဲကားများ ထားရှိပြီး စုစုပေါင်းနေအိမ်ပါ ခြံဝန်း ၂ ခုနှင့် ခြံစည်းရိုးခတ် မြေကွက်  ၁ ကွက်တို့အား ပိုင်ဆိုင်သူဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလခန့်တွင် ဦးလျှိုပါ့ ၏ မန်နေဂျာဖြစ်သူ တရုတ်လူမျိုး တစ်ဦးမှ ဘောမ်တိမ်းအား တဲဆောက်ရန် အတွက် အလုပ်သမားအသစ်ခေါ်ယူသဖြင့် ဘောမ်တိမ်းက တစ်ရွာတည်းနေ ခင်မင်ရင်းနှီးသူ ထန်ပေါင်အား ခေါ်ဆောင်၍ မန်ပြိန်းကျေးရွာ၏ အနောက် ဘက်ရှိ မူးယစ်ဆေးဝါးချက် လုပ်သည့်နေရာ ၃ နေရာ၌ မူးယစ်ဆေးဝါး စက်ရုံတည်ဆောက်ရန်အတွက် မြေညှိခြင်း၊  လူနေတဲများ တည်ဆောက်ခြင်းနှင့် မူးယစ်ဆေးဝါးချက်စက်ရုံ တည်ဆောက်ခြင်းတို့ အား  ကျန်သည့် တရုတ်လူမျိုးအလုပ်သမား များနှင့်အတူ ၁၇ ရက်ခန့်ဆောက်လုပ်ပေးခဲ့ရာ ၎င်းတို့ ၂ ဦးမှာ တစ်ရက်လျှင် လုပ်အားခ တစ်ဦးလျှင် ၂၅၀၀၀ ကျပ်စီ ရရှိခဲ့ကြောင်း၊ အဆောက်အဦးများ ဆောက်လုပ်ပြီးစီး သည့်နောက် ယုံကြည်မှုရရှိခဲ့ပြီး တရုတ်လူမျိုး ပေါလန် ဆိုသူမှ ၎င်းတို့ ၂ ဦးအား စက်ရုံလုပ်သားများ အတွက် အသား၊ ငါးဝယ်ယူခြင်း၊ ကြက်၊ ဝက်များအား ရိက္ခာအတွက် သတ်ဖြတ် ပေးခြင်းနှင့် ကျွေးမွေးရေး တာဝန်တို့အား  လုပ်ကိုင်စေခဲ့ကြောင်းနှင့် ချက်ပြုတ်ရေးတာဝန်အား တရုတ်လူမျိုး ၂ ဦးမှ လုပ်ကိုင်ကြောင်း၊ မူးယစ်ဆေးဝါးစက်ရုံ ၃ နေရာတွင် တရုတ်လူမျိုး ၁၅၀ ကျော်ခန့်ရှိ ပြီး ၎င်းတို့ ၂ ဦးမှာ တစ်နေရာနှင့် တစ်နေရာ သွားလာ၍မရကြောင်း၊ မူးယစ်ဆေးဝါး စက်ရုံ ၃ ခုအား ၂ လခွဲခန့် လုပ်ကိုင်ခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလကုန် ခန့် တရုတ်နှစ်ကူးမတိုင်မီ စက်ရုံများ ပိတ်သိမ်းခဲ့သဖြင့် ၎င်းတို့ ၂ ဦးမှာ နေအိမ်သို့ ပြန်ကာ မိသားစုနှင့်အတူ တောင်ယာလုပ်ငန်း ပြန်လည်လုပ်ကိုင်လျက်ရှိကြောင်း သိရှိရသည်။
.
စိစစ်ဖော်ထုတ်ချက်အရ အဆိုပါ နေရာများအား လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေ စစ်ဆေးရာ ၂ ဧက အကျယ်အဝန်းရှိ  မြေနေရာအတွင်း၌ လူနေတဲ အဆောက်အဦး ပျက် ၉ လုံး၊ စားချက်တဲ အဆောက်အဦပျက် ၁ လုံးနှင့်အတူ ICE နှင့် စိတ်ကြွဆေးပြားချက်လုပ်သည့် စက်ရုံဟောင်းနေရာတစ်ခုအား လည်းကောင်း၊ ၁ ဧက အကျယ်အဝန်းရှိ မြေနေရာအတွင်း၌ ရေအားလျှပ်စစ် ဘွိုင်လာ  ၁ လုံး၊ အက်ဆစ်ပုံး ၁၅ လုံး၊ တိုင်ကီအလွတ် ၃ လုံးနှင့် ဘိန်းဖြူချက်လုပ်သည့် စက်ရုံဟောင်း နေရာတစ်ခုအား လည်းကောင်း၊ ၁ ဧက အကျယ် အဝန်းရှိ မြေနေရာအတွင်း၌ လူနေတဲ အဆောက်အဦပျက် ၇ လုံး၊ စားချက်ဆောင် အဆောက်အဦပျက် ၁ လုံးတို့အား  တွေ့ရှိရပြီး ၎င်းနေရာအား မြေညှိဖျက်ဆီးထား သည့် စက်ရုံဟောင်းနေရာတစ်ခုတို့အား လည်းကောင်း  တွေ့ရှိခဲ့ရ ကြောင်း သိရသည်။
.
သို့ဖြစ်၍ အဆိုပါ ကောင်းခါးကျေးရွာနှင့်လွယ်ခမ်ကျေးရွာအနီးတစ်ဝိုက်၌ မူးယစ်ဆေးဝါးချက်လုပ်သည့် အဓိက တရားခံမှာ စက်ရုံပိုင်ရှင်  ဦးလျှိုပါ့ ဖြစ်ပြီး သတင်းပေါက်ကြားမှု မရှိစေရေးအတွက် ၂ လခွဲခန့်သာ လုပ်ကိုင်၍ စက်ရုံဖျက်သိမ်းကာ ဆက်စပ်ပစ္စည်းများအား ၎င်းနေထိုင်သည့် လွယ်ခမ်ကျေးရွာတွင် သိုဝှက်ကာ မိသားစုနှင့် အတူ နေထိုင်လျက်ရှိရာမှ တပ်မတော်စစ်ကြောင်းများက မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာများအား လိုက်လံ ရှင်းလင်းသည့် အချိန်တွင် နေအိမ်မှ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရှိရသည်။
.
အဆိုပါ ဖမ်းဆီးရမိသူ ၂ ဦးအား သက်ဆိုင်ရာသို့အပ်နှံ၍ လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါးချက်လုပ်သည့် အဓိကတရားခံအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)