ကောင်းခါး(ဌာနပြည်သူ့စစ်) အဖွဲ့မှ တပ်မတော်သို့ လက်နက်များ အပ်နှံ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကောင်းခါး(ဌာနပြည်သူ့စစ်) အဖွဲ့မှ တပ်မတော်သို့ လက်နက်များ အပ်နှံ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အခြေစိုက် ကောင်းခါး ဌာနေပြည်သူ့စစ်အဖွဲ့သည် ၎င်းတို့ ကိုင်ဆောင်သော လက်နက်၊ ခဲယမ်းများအား တပ်မတော်သို့ မတ်လ ၂၆ ရက်တွင် အပြီးတိုင် အပ်နှံခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
.
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာအနီးမှ မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများ ၂ဝ၁၈ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်၊ စက်တင်ဘာ ၁၂ ရက်၊ အောက်တိုဘာလ ၁၅ ရက်နေ့များတွင် ဖမ်းဆီးရမိခြင်း၊ ၂ဝ၁၉ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်မှ ၂၈ ရက်အထိ ကွတ်ခိုင်မြို့နယ်၊ ရှောက်ဟော်ကျေးရွာအနီး ပတ်ဝန်းကျင် တစ်ဝိုက်၌ ငွေကျပ် ၁၆ ဘီလီယံကျော်ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ မော်တော်ယာဉ်များကို ဖော်ထုတ် သိမ်းဆည်းရမိခြင်း၊ ၂ဝ၂ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်မှ မတ်လ ၂၆ ရက်အထိ ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်ကျေးရွာ ဝန်းကျင်၌ ငွေကျပ် ၃၄၅ ဒသမ ၁၅ ဘီလီယံကျော်ခန့် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ၊ တရားမဝင် လက်နက်၊ ခဲယမ်းများအား ဖော်ထုတ်ဖမ်းဆီး ရမိသည့် ဖြစ်စဉ်များတွင် ကောင်းခါးပြည်သူ့စစ် (ဌာနေ) အဖွဲ့မှ တာဝန်ရှိသူအချို့ ပတ်သက် ဆက်စပ်နေခြင်းနှင့် တာဝန် ရှိနေခြင်း၊ ငြိမ်းချမ်းရေး ရယူစဉ်ကပင် ရေရှည်လက်နက် ကိုင်စွဲထားရန် ရည်ရွယ်ချက် မရှိခြင်းတို့ကြောင့် တပ်မတော်မှ တာဝန်ရှိသူများသို့ ဆက်သွယ်ညှိနှိုင်း၍ ၎င်းတို့ ကိုင်ဆောင်သော လက်နက်၊ ခဲယမ်းများအား မတ်လ၂၄ ရက်မှ ၂၆ ရက်နေ့အထိ အပြီးတိုင် အပ်နှံခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။
.

အဆိုပါ ကောင်းခါးပြည်သူ့စစ်(ဌာနေ) အဖွဲ့အနေဖြင့် သာမန်အရပ်သား အနေဖြင့်သာ ရေရှည် တရားဝင် စီးပွားရေး လုပ်ငန်းများအဖြစ် ဆက်လက် လုပ်ကိုင်ခြင်းများ ဆောင်ရွက်သွားရမည် ဖြစ်ကာ ယင်းကဲ့သို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်စဉ် ကာလအတွင်း တပ်မတော်အနေဖြင့် မိသားစုများ စားသုံးနိုင်ရေး လစဉ်လိုအပ်သော ဆန် ၅၅ဝ အိတ်၊ ဆီ ၅ ပီပါ၊ ကုလားပဲ ၅ဝ အိတ်အား ထောက်ပံ့ခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများအတွက် လိုအပ်သည့် အရင်းအနှီးများ တောင်းခံလာပါက အတိုးမဲ့ ချေးပေးရန် စီမံထားပြီး ဖြစ်ကြောင်း သိရသည်။
.
ဦးမထုနော် ဦးဆောင်သော KIA တပ်မဟာ (၄)နှင့် လက်အောက်ခံ တပ်ရင်းများသည်  ၁၉၉၁ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်တွင် KIA/KIO အဖွဲ့မှ ခွဲထွက်ပြီး ငြိမ်းချမ်းရေး ရယူခဲ့ပြီးနောက် ရှမ်းပြည်နယ် (မြောက်ပိုင်း) အထူးဒေသ(၅)၊ ကချင်တိုင်းရင်းသားများ တိုးတက်ရေးနှင့် လုံခြုံရေးတပ် (KDA)အဖြစ် ကွတ်ခိုင်မြို့နယ် အတွင်း နေရာချထားပေးပြီးနောက် ၂ဝဝ၉ ခုနှစ်၊ စက်တင်ဘာလ၂၉ ရက်တွင် ကောင်းခါးပြည်သူ့စစ် (ဌာနေ)အဖွဲ့အဖြစ် တရားဝင် ဖွဲ့စည်းခွင့် ပြုခဲ့ပြီး နယ်မြေ အခြေအနေအရ နယ်မြေ လုံခြုံရေး၊ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများအား ဆောင်ရွက် စေခဲ့ကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Journal Download

Photo of three cats