သံလွင်မြစ် ထာဝရလွတ်လပ်စွာ စီးဆင်းနိုင်ရေးအတွက် ကွန်ဟိန်းတွင် ဆုတောင်းပွဲ ပြုလုပ် - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Saturday, March 7, 2020

သံလွင်မြစ် ထာဝရလွတ်လပ်စွာ စီးဆင်းနိုင်ရေးအတွက် ကွန်ဟိန်းတွင် ဆုတောင်းပွဲ ပြုလုပ်


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်ဟိန်းမြို့တွင် သံလွင်မြစ် ထာဝရလွတ်လပ်စွာ စီးဆင်း နိုင်ရေးအတွက် မတ်လ ၁၄ ရက်၌ ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့ အကြိုဆုတောင်းပွဲကို မတ်လ ၅ ရက်က ပြုလုပ်ခဲ့ ကြောင်း သိရသည်။
.
 
.
အဆိုပါ ဆုတောင်းပွဲကို ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့ကို ဆက်သွယ်ထားသည့် တာကော်တံတား မြောက်ပိုင်း၊ သံလွင်မြစ်ကမ်းပေါ်ရှိ တာဟိုကော်ကျေးရွာတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကွန်ဟိန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်ကျော်ဦး ထံက သိရသည်။
.
“ကျွန်တော်တို့ ချစ်မြတ်နိုးတဲ့ သံလွင်မြစ်ကို ထာဝရလွတ်လပ်စွာ စီးဆင်းစေဖို့နဲ့ ကျွန်တော်တို့ရဲ့ မြေယာတွေ၊ သဘာဝ သယံဇာတတွေ၊ ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းကာကွယ်နိုင်ဖို့ စုရုံးလုပ်ဆောင်ကြတာပါ” ဟု ဦးစိုင်းအောင် ကျော်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းအခမ်းအနားတွင် ဟိုပန်၊ ကျိုင်းလွန်၊ ဝမ်တုံ၊ ဖန်လန်း၊ ဆိုင်မိန်း၊ ဝိန်းဖွေး၊ ဝမ်ပန်၊ ဝမ်လော၊ ဝမ်ဖိုင်စသည့်ကျေးရွာ များမှ အင်အား စုစုပေါင်း ၄၀၀ ကျော် စုပေါင်းကာ သံလွင်မြစ်ကြီး လွတ်လပ်စွာ ထာဝရစီးဆင်းနိုင်ရေးနှင့် သမိုင်းဝင် မွေတော်ဟိုလိန်းစေတီပုထိုးရေရှည်တည်မြဲစေရေးတို့အတွက် ဆုတောင်းခြင်း၊ ဖောင်မျှောခြင်း၊ မြစ်စောင့်နတ်များအား ဆုတောင်းခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
ဟိုလိန်းစေတီသည် လွန်ခဲ့သည့် နှစ်ပေါင်း ၇၀၀ ကျော်က တည်ထားသည့် ရှေးဟောင်းစေတီဖြစ်ပြီး ရှမ်းရိုးရာ ပြက္ခဒိန် ၏ နှစ်စဉ်တပေါင်းလပြည့်နေ့တွင် စေတီရှိ တံခါးသည် အလိုအလျောက်ဖွင့်ပိတ်သဖြင့် ထူးခြားသည့် အံ့ဖွယ်စေတီ တစ်ဆူအဖြစ် ဒေသတွင်း၌ ထင်ရှားကြောင်း ၎င်းထံက သိရသည်။
.
ယင်းကဲ့သို့ ဆုတောင်းပွဲ ပြလုပ်ရာ တာဟိုကော်မှ သံလွင်မြစ်ကြောင်းအတိုင်း မြောက်ဘက်သို့ဆန်တက်၍ သွားရောက် ဖူးမြော်နိုင်မည့် ဘုရားများတွင် လက်ကမ်းစာစောင်များ ဖြန့်ဝေသွားရန် ရှိနေကြောင်း ၎င်းထံက သိရသည်။
.
သံလွင်မြစ်ပေါ်တွင် တည်ဆောက်ရန် ရည်ရွယ်ထားသည့် မိုင်းတုံရေကာတာ ဆောက်ဖြစ်ပါက ကွန်ဟိန်းမြို့နယ် နမ့်ပန်မြစ်အတွင်းရှိ ကျွန်းပေါင်းများစွာ ရေအောက်မြုပ်မည်ဖြစ်သည့်အပြင် မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင်ဟိုလိန်းစေတီတော်လည်း ရေအောက်နစ်မြုပ်စေမည်ဖြစ်သည့်အတွက် ဆုတောင်းပွဲအတွင်း NO DAM စာသားများဖြင့်ဖော်ပြခဲ့ကြကြောင်း သိရှိရသည်။
.
အဆိုပါအခမ်းအနားကို ကွန်ဟိန်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးစိုင်းအောင်ကျော်ဦး၊ ဦးစိုင်းစံထွန်း နှင့် သံဃာတော် ၆ ပါး မှ ဦးဆောင်ကာ ရွာသူရွာသား ၄၀၀ ကျော် ပါဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)