မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
မိုင်းဆတ်မြို့ရှိ အခြေခံပညာ အထက်တန်းကျောင်းတွင် ထိန်းသိမ်းထားသည့် စာဖြေလွှာ (အလွတ်)
များကို မတ်လ ၁၆ ရက်၊ ညနေပိုင်းက ခိုးယူခံရသဖြင့် အမှုဖွင့်ထားကြောင်း မိုင်းဆတ်မြို့မရဲစခန်းမှ
သိရသည်။
.
မိုင်းဆတ်မြို့
အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၊ ရုံးခန်းအတွင်း စာဖြေလွှာများနှင့် စာဖြေဆိုခွင့်
ကတ်များ ထားရှိရာ သံဗီရိုအတွင်း ထိန်းသိမ်းထားသည့် မြန်မာနိုင်ငံစာစစ်ဌာနမှ ထုတ်ပေးထားသော
အဖြေလွှာစာအုပ် (အလွတ်) ၁၂၇၂ အုပ်နှင့် အပိုအဖြေလွှာ စာရွက်(အလွတ်) ၁၀၉၃ ရွက်၊ ကျောင်းသား/သူများ၏
စာမေးပွဲဖြေဆိုခွင့် ကတ်ပြား ပန်းရောင် ၂၁ ကတ်နှင့် အစိမ်းရောင် ၄၅၀ ကတ်၊ အစိမ်းရောင်သံသေတ္တာနှင့်
ကြီးကြပ်ရေးမှူး လက်မှတ် တံဆိပ် ရိုက်ထားသည့် မြန်မာနိုင်ငံစာစစ်ဌာနမှ ထုတ်ပေးထားသော
အဖြေလွှာ(အလွတ်) ၄၄၈ အုပ်တို့မှာ ပျောက်ဆုံးနေခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများ အရ
သိရသည်။
.
အဆိုပါ ပျောက်ဆုံးမှု
အပေါ် စုံစမ်းဖော်ထုတ် အရေးယူပေးရန် အထက(မိုင်းဆတ်)၏ မတ်လ ၁၆ ရက်စွဲပါ စာဖြင့် တိုင်တန်းချက်အရ
မိုင်းဆတ်မြို့မရဲစခန်းတွင် (ပ) ၆/၂၀၂၀၊ ပြည်သူပိုင် ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ
-၆(၁) ဖြင့် အမှုဖွင့် ဆောင်ရွက်ထားရှိပြီး ခိုးယူသူအား စုံစမ်းဖော်ထုတ်လျက ်ရှိကြောင်း
သိရသည်။
.
ရှမ်းပြည်နယ်
အတွင်း၌ ယနေ့ (မတ်လ ၁၇ ရက်)တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၊ ရူပဗေဒ ဘာသာရပ် ဖြေဆိုသည့်
ကျောင်းသား ၂၁၂၅၂ ဦး၊ ကျောင်းသူ ၃၄၅၅၀ ဦး၊ စုစုပေါင်း ၅၅၈၀၂ ဦး ရှိပြီး ဖြေဆိုရန် ပျက်ကွက်သည့်
ကျောင်းသား ၁၈၉၅ ဦး၊ ကျောင်းသူ ၁၇၃၂ ဦး၊ စုစုပေါင်း ၃၆၂၇ ဦး ရှိကြောင်း သိရသည်။