ကမ္ဘောဇတိုင်း
.
၂၀၂၀ ပြည့်နှစ်သည်
မြန်မာနိုင်ငံအတွက် အရေးပါသော နှစ် တစ်နှစ်ဖြစ်သလို ရှုပ်ထွေးပွေလီမှုများလည်း
များစွာ ရှိနေသည်။၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာနို်ငငံအတွက် ၂၀၀၈ ဖွဲ့စည်းပုံအရ
ကျင်းပသော တတိယအကြိမ် ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲကျင်းပမည့်
နှစ်တစ်နှစ်ဖြစ်သလို မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်များအတွက် လွန်စွာမှ အရေးပါလှသော
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) နှင့် ဆက်စပ်အစည်းအဝေးများ၊
ရှမ်းတိုင်းရင်းသားများ၏ လူမျိုးစုအလိုက် အမျိုးသားအဆင့်
နိုင်ငံရေးဆွေးနွေးပွဲများကိုလည်း ကျင်းပသွားရန် ရှိနေသည်။
.
တစ်ချိန်တည်းမှာပင်
၂၀၁၉ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်သို့ ကူးပြောင်းသည့်အချိန်မှ စတင်၍ အိမ်နီးချင်း
ဆွေမျိုး ပေါက်ဖော် တရုတ်နိုင်ငံမှ စတင်ပေါ်ပေါက်ခဲ့သည့် ဝူဟန်ဗိုင်းရပ်စ် ခေါ် COVID-19 ကူးစက်ပျံ့နှံ့မှုက ကမ္ဘာတစ်ဝှမ်း
ကြောက်ခမန်းလိလိ ဖြစ်လာခဲ့ရပြီး ရောဂါစတင်တွေ့ရှိပြီး ၂ လကျော် အတွင်းမှာပင်
ကမ္ဘာ့နိုင်ငံပေါင်း ၁၉၀ ကျော်ရှိသည့်အနက် နိုင်ငံပေါင်း ၁၅၀ ကျော်ရှိ လူဦးရေ
၁၆၀၀၀၀ ကျော်သို့ ကူးစက် ပြန့်နှံ့ခဲ့ကာ သေဆုံးသူ အရေ အတွက်မှာလည်း ၆၀၀၀ ကျော်အထိ
ရှိလာခဲ့သည်။
.
ယင်းကဲ့သို့ COVID-19 ကူးစက်မှုနှင့် ပတ်သက်၍
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ကလည်း မတ်လ ၁၁ ရက်တွင် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် သတ်မှတ်ခဲ့ပြီး
ဖြစ်သလို နို်င်ငံတော်သမ္မတရုံးမှလည်း မတ်လ ၁၃ ရက်တွင် လူစုလူဝေးနှင့်
ပွဲလမ်းသဘင်များ မပြုလုပ်ရန် ညွှန်ကြားလာခဲ့ရသည်။
.
လတ်တလော မတ်လ ၁၅
ရက် ညပိုင်းအထိ မြန်မာနို်င်ငံတွင် COVID-19 ရောဂါ အတည်ပြုဖြစ်ပွားသူ တစ်ဦး တစ်ယောက်မျှ မရှိသေးသော်လည်း ရောဂါဂယက်မှာ
အတော်အသင့် ရိုက်ခတ်စပြုလာနေပြီဖြစ်သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ဈေးများ၊
ကျောင်းများ ပိတ်မည် ဟူသော ကောလာဟလ သတင်းများကြောင့် ရန်ကုန်ရွှေ မြို့တော်ရှိ
ရှော့ပင်းစင်တာကြီးများတွင် စားသောက်ကုန်များကို အလုအယက်တိုးဝှေ့ဝယ်ယူမှုများ
ဖြစ်ပေါ်ခဲ့ရသည်။ ယခုကဲ့သို့ အခြေအနေမျိုးကို အသုံးချ၍ ဝိသမ လောဘဖြင့် ဈေးကစားသည့်
ကုန်သည်လုပ်ငန်းရှင်များကို ထိထိရောက်ရောက် အရေးယူမည်ဖြစ်ကြောင်း အစိုးရမှပင်
သတိပေးခဲ့ရသည်။
.
လူစုလူဝေးများ
တတ်နိုင်သမျှ မပြုလုပ်ကြရန် အစိုးရမှ ပန်ကြားထားသော်လည်း မကြာမီကာလတွင် မြန်မာ
လူမျိုးတို့၏ အထွဋ်အမြတ်ထားရာ ပွဲတော်တစ်ခုဖြစ်သော နှစ်သစ်ကူးအခါသမယကို
ရောက်ရှိတော့မည်ဖြစ်ရာ နှစ် သစ်ကူး ဘုရားသွားကျောင်းတက်သူများမှာ ရိုးရာဓလေ့နှင့်
ကိုးကွယ်ယုံကြည်မှုအရ တားမြစ်၍ရနိုင်မည့် ကိစ္စတစ်ခု မဟုတ်ချေ။ မိုးမပြိုပါဘူး၊
ပြိုခဲ့သည်ရှိသော် ဆိုသကဲ့သို့ ယင်းကဲ့သို့ လူစုလူဝေးဖြင့်
ဘုရားသွားကျောင်းတက်ချိန်တွင် ရောဂါပိုးရှိသူတစ်ဦးဦး ယင်းလူအုပ်ထဲပါဝင်လာပါက
မထင်မှတ်ထားသည့်နှုန်းဖြင့် လူထုအများအပြားသို့ ရောဂါ
ကူးစက်သွားနိုင်သည့်အရေးမှာလည်း စိုးရိမ်ဖွယ်ဖြစ်သည်။
.
တစ်ဖန်
ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံတော်တည်ဆောက်ရေးတို့အတွက် အရေးပါလှသော
ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို
ယင်းဧပြီလအတွင်းပင် ကျင်းပသွားရန် စီစဉ်ထားရာ ရောဂါကူးစက်ပြန့် ပွားမှုအခြေအနေအရ
ဆွေးနွေးပွဲများ နှောင့်နှေးကြန့်ကြာသွားနိုင်သလို တိုင်းပြည်အတွက်တစ်ရက်ဆိုတစ်ရက်
ထိ ခိုက်နစ်နာမှုများ ရှိလာနိုင်သည်ကို သတိပြုရန်လိုပါသည်။ ထို့အပြင်
နိုဝင်ဘာလအတွင်း ကျင်းပသွားဖွယ်ရှိသည့်
ပြည်လုံးကျွတ်အထွေထွေရွေးကောက်ပွဲအပေါ်တွင်လည်း သက်ရောက်မှုများ ရှိလာနိုင်ပါသည်။
.
နို်င်ငံတော်အစိုးရအနေဖြင့်
Coronavirus Diseases 2019 (COVID-19) ကာကွယ်ထိန်းချုပ်ရေး၊ ကုသရေး
အမျိုးသားအဆင့် ဗဟိုကော်မတီကို နို်င်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဦးဆောင်၍ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ၊
တာဝန်ရှိသူများဖြင့် မတ်လ ၁၃ ရက်တွင်ပင် ဖွဲ့စည်းဆောင်ရွက်လျက်ရှိသော် လည်း မတ်လ
၁၅ ရက်တွင် နိုင်ငံရေးပါတီ ၁၅ ခုက နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ
ခေါ်ယူရန် တိုက်တွန်းကြောင်း သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်ထားသည်ကိုလည်း
တွေ့ရသည်။
.
အထက်တွင်
တင်ပြခဲ့သည့် အချက်များမှာ စိုးရိမ်ကြောက်လန့်စေရန် မဟုတ်ဘဲ လူထုအနေဖြင့်
ကျန်းမာရေး အသိ၊ ကျန်းမာရေး သတိဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများက
ညွှန်ကြားမှုအတိုင်း လိုက်နာဆောင်ရွက်သွားရန် အတွက်သာ ရည်ရွယ်ပါသည်။
.
ကမ္ဘာ့လူသားထု
တစ်ရပ်လုံးကို ခြိမ်းခြောက်နေသည့် COVID-19 ကပ်ရောဂါဆိုးကြီး အမြန်ဆုံးချုပ်ငြိမ်းရေး အတွက် ကမ္ဘာသူကမ္ဘာသား အားလုံး
ကိုယ်စီ ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိဖြင့် တိုက်ထုတ်ကာကွယ်ရမည် ဖြစ်သလို
တောမီးလောင် တောကြောင်လက်ခမောင်းခတ်တတ်သည့် အဖျက်အမှောင့် များကိုလည်း
ရှောင်ရှားနိုင်ကြ ရန် လိုပါသည်။
.
တစ်ချိန်တည်းမှာပင်
ပေါ်ထွန်းစ မြန်မာ့ငြိမ်းချမ်းရေး ရောင်နီဦးနှင့် မြန်မာ့နိုင်ငံရေး
အပြောင်းအလဲများကို အတွက် မျက်စိဖွင့် နားစွင့်ကာ ၂၀၂၀ နှင့်အတူ
လိုက်ပါစီးမျောနိုင်ပါစေကြောင်း။ ။
.