စိုင်းရာဇာ
.
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် မတ်လ စတုတ္ထပတ်အတွင်း ရှမ်းပြည်နယ် တောင်ပိုင်း ဒေသသို့
လာရောက်ရန် ရှိနေသော်လည်း ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားနေသော လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာ
ကူးစက်ရောဂါ COVID-19 ကူးစက် ပြန့်ပွားမှု အခြေ အနေကြောင့် လာရောက်ရန် မသေချာသေးကြောင်း
သိရသည်။
.
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်သည် ရှမ်းပြည်နယ်တောင်ပိုင်း ဒေသရှိ ကလော၊ အောင်ပန်းနှင့် ပင်းတယမြို့များသို့
လာရောက်၍ လူထုတွေ့ဆုံ ပွဲများ ပြုလုပ်ရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
.
“ ခရီးစဉ် မရှိတော့ဘူးလို့
သိရတယ်။ တကယ်လို့ လာဖြစ်ရင်တောင်မှ လူစုလူဝေးနဲ့ တွေ့ဆုံပွဲတွေ လုပ်မှာ မဟုတ်ပါဘူး။
မရှိတော့ဖို့ကတော့ သေချာသလောက် နီးပါးပါပဲ” ဟု တာဝန် ရှိသူ တစ်ဦးက ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ
COVID-19 သည် လူစုလူဝေး များသည့် နေရာများတွင် လျင်မြန်စွာ ကူးစက်နိုင်သည့် အတွက် ပြည်သူလူထု
အနေဖြင့် လူစုလူဝေးဖြင့် ကျင်းပသော အခမ်းအနားများ၊ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် အပါအဝင်
ပွဲလမ်း သဘင်များ မပြုလုပ်ကြရန် သမ္မတရုံးမှ မတ်လ ၁၃ ရက်တွင် ပြည်သူများသို့ ပန်ကြားထားသည်။
.
ထို့အတူ ကမ္ဘာ့ကျန်းမာရေးအဖွဲ့
(WHO)ကလည်း COVID-19 ကို ကမ္ဘာအနှံ့ဖြစ်ပွားသော ကပ်ရော ဂါအဖြစ် မတ်လ ၁၁ ရက်က ထုတ် ပြန်ကြေညာခဲ့ပြီး
ဖြစ်ကြောင်း သိရ သည်။
.
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့တွင်
ပြုလုပ်သည့် ၇၃ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး မတ်လ ၁၀ ရက်
တွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ပြီး
ဖြစ်ရာ ယခု ခရီးစဉ်သည် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်အတွက် ၂၀၂၀ ပြည့်နှစ် အတွင်း
ရှမ်းပြည်နယ်သို့ လာရောက်မည့် တတိယခရီးစဉ် ဖြစ်ဖွယ် ရှိနေသည်။