ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ဆေးရုံနှင့်
သီပေါဆေးရုံများ၌ ဆေးကုသမှု ခံယူနေသည့် လူနာများတွင် COVID-19 ဗိုင်းရပ်စ်ပိုး မတွေ့ရှိကြောင်း ယနေ့ (မတ်လ ၁၈ ရက်)၊ ည ၈ နာရီတွင် ကျန်းမာရေးနှင့်
အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
.
မူဆယ်ဆေးရုံမှ အသက် ၅၆ နှစ်အရွယ် အမျိုးသားနှင့်
သီပေါ ဆေးရုံမှ အသက် ၁၉ နှစ်အရွယ် အမျိုးသားတို့အား COVID-19 စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ ၎င်းတို့၏ ဓါတ်ခွဲ နမူနာအား ရယူခဲ့ရာ COVID-19 ဗိုင်းရပ်စ်ပိုး မတွေ့ရှိရကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
ထို့အပြင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊
မိုင်းယောင်းမြို့ ပြည်သူ့ဆေးရုံတွင် အသက် ၄၀ နှစ်အရွယ် အမျိုးသား တစ်ဦးကို COVID-19 စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ ဓါတ်ခွဲ နမူနာအား ရယူကာ ဓါတ်ခွဲ စစ်ဆေးသွားမည်
ဖြစ်ပြီး ယင်းအမျိုးသားသည် COVID-19 ဖြစ်ပွားသည့် လူနာများနှင့်
ထိတွေ့မှု မရှိသော်လည်း တရုတ်နိုင်ငံမှ ပြန်လည် ရောက်ရှိလာပြီးနောက် ဖျားခြင်း၊ အန်ခြင်းများ
ဖြစ်ပေါ်နေသဖြင့် စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ကျိုင်းတုံ ပြည်သူ့ဆေးရုံ၌ သေဆုံးခဲ့ရသည့်
မိုင်းဖြတ်မြို့နယ်မှ အသက် ၃၀ အရွယ် COVID-19 စောင့်ကြည့်လူနာ၏ ဓါတ်ခွဲ
နမူနာ အဖြေမှာ ယခု (ည ၈ နာရီခွဲ) အချိန်ထိ ထွက်ရှိခြင်း မရှိသေးကြောင်းနှင့် မြန်မာနိုင်ငံတွင်
COVID-19 အတည်ပြု လူနာ မတွေ့ရှိရသေးသော်လည်း ကမ္ဘာ့နိုင်ငံ ၁၅၉
နိုင်ငံတွင် ရောဂါ ကူးစက် ဖြစ်ပွားလျက်ရှိသဖြင့် ပြည်သူလူထု အနေဖြင့် ရောဂါကာကွယ်ရေးဆိုင်ရာ
ကျန်းမာရေး အသိပညာပေး အချက်အလက်များအား တိကျစွာ လိုက်နာဆောင်ရွက်ရန် ကျန်းမာရေးနှင့်
အားကစား ဝန်ကြီးဌာန နှိုးဆော်ထားသည်။