မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
မိုင်းလားမြို့နယ်၊ အထူးဒေသ(၄)တွင် COVID_19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းအဖွဲ့၏ အတည်ပြု ဆုံးဖြတ်ချက်အရ
ဒေသအတွင်း ယာယီ ပိတ်ထားသည့် စားသောက်ဆိုင်များအား စည်းကမ်း သတ်မှတ်ချက်များဖြင့်
မတ်လ ၁၅ ရက်မှ စ၍ ပြန်လည် ဖွင့်လှစ်ခွင့် ပြုလိုက်ကြောင်း အထူးဒေသ(၄)၏
ထုတ်ပြန်ကြေညာချက်အရ သိရသည်။
.
ယင်း
ထုတ်ပြန်ချက်ပါ စည်းကမ်းချက်များ၌့ စားသောက်ဆိုင်များ ပြန်လည် ဖွင့်လှစ်ရာတွင်
အကြီးစား မိတ်ဆုံ စားပွဲများ မပြုလုပ်ရန်၊ တစ်ခါသုံး တူ၊ ဇွန်း၊ ခက်ရင်းများသာ
အသုံးပြုရန်၊ လုပ်ငန်းရှင်များနှင့် ဝန်ထမ်းများ အားလုံး နှာခေါင်းစည်း
တတ်ဆင်ထားရမည် ဖြစ်ပြီး ဖျားနာခြင်းနှင့် ချောင်းဆိုးခြင်း လက္ခဏာ ရှိသည့်
ဝန်ထမ်းများကို အလုပ်မှ အနားယူစေရန်၊ ဆိုင် အဝင်တွင် ကျန်းမာရေး စစ်ဆေးကြီးကြပ်သူ
ထားရှိ၍ နှာခေါင်းစည်း တပ်ဆင်မထားသူများ ကိုယ်အပူချိန် ၃၇ ဒသမ ၃ ဒီဂရီ အထက်
ရှိသူများနှင့် ချောင်းဆိုးနေသူများကို ဆိုင်းအတွင်းသို့ ဝင်ခွင့် မပြုဘဲ
သက်ဆိုင်ရာဌာနသို့ သတင်းပို့ရန်၊ စားသုံးသူများ အနေဖြင့် စားသောက်နေသည့် အချိန်မှ
လွဲ၍ နှာခေါင်းစည်း တပ်ဆင်ထားကြရမည် ဖြစ်ပြီး အသုံးပြုသည့် စားပွဲများအား
ပိုးသတ်ဆေး ဖျန်းရန်၊ ကျန်းမာရေးလုံခြုံမှု ရှိစေရန်အတွက် ဆိုင်၏ နေရာထိုင်ခုံ ၅၀
ရာခိုင်နှုန်းသာ လက်ခံရမည် ဖြစ်ပြီး ဆိုင်အတွင်း လေဝင် လေထွက် ကောင်းမွန်ရန်
ဆောင်ရွက်ထားရန်၊ တောရိုင်းတိရိစ္ဆာန် ရောင်းဝယ်ခြင်း၊ တရားမဝင် အသားများ ချက်ပြုတ်
ရောင်းချခြင်း မပြုရဟု ဖော်ပြ ပါရှိသည်။
.
အထူးဒေသ(၄)
ဒေသအတွင်း စားသောက်ဆိုင် လုပ်ငန်းများအား ကူးစက်ရောဂါ ကြိုတင် ကာကွယ်ရေးအဖွဲ့၏
တောင်းဆိုချက်အတိုင်း အခွန်ဦးစီးဌာန၊ စီးပွားရေး လုပ်ငန်းဌာနနှင့် ကျန်းမာရေး
ဦးစီးဌာနတို့မှ စစ်ဆေး ကြပ်မည်ရမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။