စိုင်းရာဇာ
.
COVID-19 နှင့် ပတ်သက်၍ ရှမ်းပြည်နယ်
ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီအား တောင်ကြီးမြို့၌ ဖွဲ့စည်းခဲ့ပြီးနောက်
အလှူငွေများအား လက်ခံနေလျက်ရှိရာ ယနေ့ (မတ်လ ၂၄ ရက်)ထိ အလှူငွေ စုစုပေါင်း ကျပ်သိန်း
၅၀၀ ကျော်ခန့် ရရှိနေပြီ ဖြစ်ကြောင်း သိရသည်။
.
“ COVID-19 ကြောင့် စားနပ်ရိက္ခာတွေ
ရှားပါးပြီး ပြတ်လပ်သွားပြီဆိုရင် အခြေခံလူတန်းစားနဲ့ လက်လုပ် လက်စားတွေ များတဲ့နေရာကို
ကျွန်တော်တို့က ရှမ်းပြည်နယ်အစိုးရ အစီအစဉ်နဲ့ ပေးဖို့ စီစဉ် ထားပါတယ်။ စားနပ်ရိက္ခာ
ထုပ်ထဲမှာ ဆန်၊ ဆီ၊ ကုလားပဲ၊ ကော်ဖီထုပ်ရယ် ပါဝင်မယ်ဗျ။” ဟု ရှမ်းပြည်နယ်
ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီ ဒုဥက္ကဌ ဦးသူရစောသိန်းက ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
COVD-19 ရောဂါမှာ နိုင်ငံတိုင်း
ကြုံတွေ့နေရခြင်း ဖြစ်ပြီး ရောဂါ ဖြစ်သူတိုင်း သေဆုံးခြင်း မဟုတ်သည့် အတွက် ပြည်သူများ
အနေဖြင့် အထိတ်တလန့် မဖြစ်ဘဲ စိုးရိမ်မှု လွန်ကဲခြင်းမျိုး မဖြစ်ရန် လိုအပ်ကြောင်းနှင့်
ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ရင်ဆိုင် ကျော်လွှားရန် အရေးပေါ် လိုအပ်သည်ဟုလည်း ဦးသူရစောသိန်းက ဆက်လက် ပြောကြားသည်။
.
အဆိုပါ ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ
ထောက်ပံ့ရေးကော်မတီ ရုံးခန်းအား တောင်ကြီးမြို့ရှိ စူဠာမုနိစေတီတော် ဂေါပကရုံးခန်း၌
ဖွင့်လှစ်ထားပြီး ရရှိထားသည့် အလှူငွေများဖြင့် စားနပ်ရိက္ခာများအား စတင် ဝယ်ယူ စုဆောင်းနေပြီ
ဖြစ်ကာ အလှူငွေ လှူဒါန်းလိုသူများ အနေဖြင့် KBZ Bank Account – 37330299900378901
သို့ ထည့်ဝင် လှူဒါန်းနိုင်သည့် အပြင် ကော်မတီရုံးခန်းသို့လည်း လာရောက် လှူဒါန်းနိုင်ကြောင်း
သိရသည်။
.
COVID-19 အတည်ပြုလူနာ ၂ ဦး တွေ့ရှိသည်ဟု
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ပြီးနောက်တွင် တောင်ကြီးမြို့ အပါအဝင်
မြန်မာနိုင်ငံ၊ မြို့ အသီးသီးရှိ အရောင်းဆိုင်များတွင် ဈေးဝယ်သူများ များပြားနေလျက်
ရှိပြီး ယင်းအခြေအနေမှာ ရောဂါပိုး ကူးစက်နိုင်ခြေ များသည့်အတွက် လူ ထူထပ်ရာ နေရာများသို့
မသွားရောက်ဘဲ နေအိမ်တွင်သာ နေထိုင်၍ ကျန်းမာရေး လမ်းညွှန်ချက်များအတိုင်း လိုက်နာ ဆောင်ရွက်သွားရန်
လိုအပ်သည်ဟု တာဝန်ရှိသူများက မေတ္တာရပ်ခံ ပြောဆိုနေလျက် ရှိသည်။
.
မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၂ ဦးသာ တွေ့ရှိထားပြီး ၎င်းတို့၏ ကျန်းမာရေး အခြေအနေများမှာလည်း
ကောင်းမွန်နေလျက် ရှိသည့်အပြင် လူနာများနှင့် ထိတွေ့ခဲ့သူများကိုလည်း စောင့်ကြည့်နေလျက်
ရှိကာ လက်ရှိ သံသယနှင့် စောင့်ကြည့်လူနာ ၃ ဦးကို သက်ဆိုင်ရာ ဆေးရုံများတွင် သီးသန့်ထားရှိ၍
ဆေးကုသမှု ပေးနေလျက် ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။