စိုင်းသိင်္ခသူ
.
COVID-19 နှင့် ပတ်သက်၍ သံသယရှိသော တပ်မတော်
အရာရှိ ၂၉ ဦး အပါအဝင် စစ်သည်နှင့် မိသားစုဝင် စုစုပေါင်း ၆၇ ဦးကို ကန့်သတ် စောင့်ကြည့်မှုများ
ပြုလုပ်နေကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
.
တပ်မတော်တွင် Hospital Quarantine
စောင့်ကြည့်သူ စစ်သည် ၆ ဦး၊ မိသားစုဝင် ၁၈ ဦး၊ စုစုပေါင်း ၂၄ ဦး ၊ Home or
Facility Quarantine စောင့်ကြည့်သူ အရာရှိ ၂၉ ဦး၊ စစ်သည် ၁၁ ဦး၊ မှီခို ၃ ဦး၊
စုစုပေါင်း ၄၃ ဦး ရှိကြောင်း မတ်လ ၃၀ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားခြင်း
ဖြစ်သည်။
.
အဆိုပါ ကန့်သတ် စောင့်ကြည့်ထားသူများတွင်
ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများ ပါဝင်ပြီး ၄င်းတို့နှင့် တွေ့ဆုံမှု ရှိသူများလည်း
ပါဝင်ကာ ၎င်းတို့ကို သံသယဖြင့်
ကန့်သတ်စောင့်ကြည့် ထားခြင်း ဖြစ်ကြောင်းနှင့် မတ်လ ၃၁ ရက်အထိ တပ်မတော်အတွင်း၌
COVID-19 ရောဂါ ကူးစက်ခံရသူ၊ ရောဂါပိုး တွေ့ရှိသူ မရှိသေးကြောင်း ကိုလည်း ထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။
.
COVID-19 နှင့်ပတ်သက်၍ မတ် ၃၀ ရက်၊ နံနက်ပိုင်းတွင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်ကာ အစည်းအဝေး ပြုလုပ်ခဲ့ပြီး အစည်းအဝေးတွင် ရန်ကုန်မြို့ရှိ
စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် သီးသန့်စောင့်ကြပ်ကြည့်ရှုရမည့်သူ၊ ကုသရ
မည့်သူများအတွက် ခုတင် ၂၀၀၀ ထားရှိ ပြင်ဆင်နိုင်ရေး၊ နေပြည်တော်ရှိ စစ်ကြောရေးနှင့်
တည်းခိုရေးစခန်းတွင် ခုတင် ၁၅၀၀၀ ထားရှိနိုင်ရေး ဆောင်ရွက်ထားရန်၊ ထို့အပြင်
တပ်မတော်အတွင်းရှိ တပ်၊ ဋ္ဌာနအဆောက်အဦများတွင် လူနာများ လက်ခံ ကုသပေးနိုင်မည့်
နေရာများအား ထပ်မံ တိုးချဲ့စီစဉ်ထားရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လမ်းညွှန်မှာကြားခဲ့ကြောင်း
သိရသည်။
.
(ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး) |
ထို့အပြင် မြန်မာစီးပွားရေးကော်ပိုရေးရှင်းနှင့်
မြန်မာ့စီးပွားရေး ဦးပိုင် အများနှင့် သက်ဆိုသော ကုမ္ပဏီလီမိတက်တို့မှ ရာနှုန်းပြည့်
ရင်းနှီးမြှုပ်နှံဆောင်ရွက်နေသည့် စက်ရုံများအနက် စားသောက်ကုန်နှင့် မရှိမဖြစ် ထုတ်လုပ်ရမည့်
ထုတ်ကုန်ပစ္စည်းများမှ လွဲ၍ ကျန်စက်ရုံများတွင် ဧပြီလကုန်အထိ ထုတ်လုပ်မှု ၅၀
ရာခိုင်နှုန်း လျှော့ချ ဆောင်ရွက်ရန်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့်
ဖက်စပ် လုပ်ကိုင်နေသော စက်ရုံများကို ၎င်းတို့၏ သဘောထားနှင့်
ညှိနှိုင်းဆောင်ရွက်ပေးရန်၊ တပ်မတော်(ရေ)မှ သံလွင်၊ မြစ်ကြီးနား၊ မုတ္တမ
ရေယာဉ်များအား ဆေးရုံအဖြစ် အသုံးပြုနိုင်ရေး ပြင်ဆင် ဆောင်ရွက်ထားရန်ကိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က
ဆွေးနွေးမှာကြားခဲ့သည်ဟု သိရသည်။