မြန်မာနိုင်ငံ၌ COVID-19 အတည်ပြုလူနာ ၂ ဦး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့
(မတ်လ ၂၃ ရက်)၊ ည ၁၁ နာရီ ၄၅ မိနစ်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
.
အဆိုပါ အတည်ပြု လူနာများမှာ ရန်ကုန်မြို့၊
ဝေဘာဂီအထူးကုဆေးရုံ၌ ဆေးကုသမှု ခံယူနေသော အင်္ဂလန်နိုင်ငံမှ ပြန်လည် ရောက်ရှိလာသည့်
အသက် ၂၆ နှစ်အရွယ် အမျိုးသားနှင့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု
ခံယူနေသော အမေရိကန်နိုင်ငံမှ ပြန်လည် ရောက်ရှိလာသည့် အသက် ၃၆ နှစ်အရွယ် အမျိုးသားတို့
ဖြစ်ကြောင်း သိရသည်။
.
COVID-19 အတည်ပြု လူနာ အမျိုးသားများ၏
ဓာတ်ခွဲနမူနာများအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများအရ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ မတ်လ ၂၄ ရက် တွင် ဆက်လက်ပေးပို့၍
အတည်ပြုချက် ရယူသွားမည် ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် အဆိုပါ COVID-19 အတည်ပြု လူနာ အမျိုးသား ၂ ဦးနှင့် ထိတွေ့ခဲ့သူများ အားလုံးကို စုံစမ်း ဖော်ထုတ်၍
အသွားအလာ ကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုသွားမည် ဖြစ်ကြောင်းကိုလည်း ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။