COVID-19 လူနာ ၄ ဦး ထပ်မံ တွေ့ရှိကြောင်း ထုတ်ပြန်၊ စုစုပေါင်း ၁၄ ဦး ရှိပြီ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 လူနာ ၄ ဦး ထပ်မံ တွေ့ရှိကြောင်း ထုတ်ပြန်၊ စုစုပေါင်း ၁၄ ဦး ရှိပြီ

မြန်မာနိုင်ငံတွင် COVID-19 လူနာ ၄ ဦး ထပ်မံ တွေ့ရှိကြောင်းကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ (မတ်လ ၃၀ ရက်)၊ ည ၇ နာရီခွဲတွင် ထုတ်ပြန်ခဲ့ရာ စုစုပေါင်း အတည်ပြုလူနာ ၁၄ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အတည်ပြု လူနာများ အနက် ၃ ဦးမှာ ယခင် ဓာတ်ခွဲအတည်ပြု လူနာ အမှတ်(၈) ဖြစ်သည့် အသက် ၆၀ အရွယ် ဧည့်လမ်းညွှန် အမျိုးသမီးနှင့်အတူ ခရီး သွားရောက်ခဲ့သည့် ပြင်သစ်နိုင်ငံသား ခရီးသွား ဧည့်သည် တို့ ဖြစ်ပြီး ကျန် တစ်ဦးမှာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် နေထိုင်သော အသက် ၂၄  နှစ်အရွယ် အမျိုးသားတို့ ဖြစ်ကြောင်း သိရသည်။
.

လူနာ အမှတ်(၁၁၊ ၁၂၊ ၁၃) ဖြစ်သော ပြင်သစ်နိုင်ငံသားများသည် လူနာ အမှတ်(၈)နှင့် ခရီး သွားရောက်ခဲ့ခြင်းကြောင့် မတ်လ ၂၈ ရက်တွင် ရန်ကုန်မြို့ရှိ ဟိုတယ် တစ်ခုတွင် အသွားအလာ ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုကာ ဓါတ်ခွဲ နမူအား စစ်ဆေးစဉ် COVID-19 ပိုး တွေ့ရှိခဲ့ခြင်း ဖြစ်ကာ ယင်းတို့အား ဝေဘာဂီ အထူးကုဆေးရုံသို့ လွှဲပြောင်း၍ ကုသမှု ခံယူစေမည် ဖြစ်ကြောင်း သိရသည်။
.
လူနာအမှတ် (၁၄) ဖြစ်သော ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် နေထိုင်သော အသက် ၂၄  နှစ်အရွယ် အမျိုးသားသည် မတ်လ ၂၅ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ မြန်မာနိုင်ငံ၊ တာချီလိတ်သို့ ပြန်လည် ရောက်ရှိခဲ့ပြီး ၂ ညအိပ် တည်းခိုပြီး မတ်လ ၂၇ ရက်တွင် တာချီလိတ်မှ မန္တလေးမြို့သို့ လေယာဉ်ဖြင့် သွားရောက်ကာ ယင်းနေ့ ညနေပိုင်းတွင် ကိုယ်ပိုင်မော်တော်ယာဉ်ဖြင့် မန္တလေးမြို့မှ ကျောက်မဲမြို့သို့ ရောက်ရှိခဲ့ပြီးနောက် မတ်လ ၂၈ ရက်တွင် အလွန်အမင်း အန်ခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများ ခံစားရသဖြင့် ကျောက်မဲဆေးရုံသို့ ပြသခဲ့ရာ စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်၍ ဓါတ်ခွဲ နမူနာအား စစ်ဆေးစဉ် COVID-19 ပိုး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ COVID-19 လူနာအမှတ်(၁၁၊ ၁၂၊ ၁၃)တို့သည် လူနာအမှတ်(၈)နှင့်အတူ ရှမ်းပြည်နယ် တောင်ပိုင်းသို့ ခရီးသွား ရာဇဝင် ရှိခဲ့သူများ ဖြစ်ကာ ယနေ့ အတည်ပြုခဲ့သည့် လူနာ ၄ ဦးလုံးမှာ ရှမ်းပြည်နယ်အတွင်း သွား/လာ လည်ပတ်ခဲ့ကြသူများ ဖြစ်ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်ချက်တွင် အတည်ပြုလူနာ ၄ ဦး ပါရှိခဲ့ပြီး လူနာ ၅၁ ဦးတွင် ရောဂါပိုး မရှိကြောင်းအား ဖော်ပြထားသည်။
.
မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၁၄ ဦး တွေ့ရှိထားပြီး ကမ္ဘာ့နိုင်ငံနှင့် နယ်မြေဒေသပေါင်း ၂၀၂ ခုတွင် အတည်ပြုလူနာပေါင်း ၆၃၈၁၄၆ ဦးထိ တွေ့ရှိထားကာ ယင်းအနက် သေဆုံးသူမှာ ၃၀၀၃၉ ဦး ရှိကြောင်း WHO ၏ မတ်လ ၃၀ ရက် ထုတ်ပြန်ချက်များအရ သိရသည်။
.

Journal Download

Photo of three cats