COVID-19 လူနာ ၂ ဦး ထပ်မံ အတည်ပြုလိုက်ကာ စုစုပေါင်း ၁၀ ဦး ရှိပြီ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 လူနာ ၂ ဦး ထပ်မံ အတည်ပြုလိုက်ကာ စုစုပေါင်း ၁၀ ဦး ရှိပြီ

မြန်မာနိုင်ငံတွင် COVID-19 လူနာ ၂ ဦး ထပ်မံ တွေ့ရှိကြောင်းကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ (မတ်လ ၂၉ ရက်)၊ ည ၁၀ နာရီခွဲတွင် ထုတ်ပြန်ခဲ့ရာ စုစုပေါင်း အတည်ပြုလူနာ ၁၀ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အတည်ပြု လူနာများမှာ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်တွင် နေထိုင်သော အသက် ၄၄ နှစ်အရွယ် အမျိုးသားနှင့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့် မြို့နယ်တွင်နေထိုင်သော အသက် ၄၅ နှစ် အရွယ် အမျိုးသားတို့ ဖြစ်ကြောင်း သိရသည်။
.
လူနာအမှတ်(၉) ဖြစ်သော မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်တွင် နေထိုင်သော အသက် ၄၄ နှစ်အရွယ် အမျိုးသားသည် မတ်လ ၂၃ ရက်တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မြဝတီမြို့မှ တစ်ဆင့် ဝင်ရောက်ခဲ့ကာ ၂၆ ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်သို့ ရောက်ရှိခဲ့ပြီး ဖျားခြင်း၊ ချောင်းဆိုးခြင်း ရောဂါ လက္ခဏာများ ခံစားခဲ့ရသဖြင့် ပြည်သူ့ဆေးရုံ၊ ပုလဲမြို့သစ်၌ စောင့်ကြည့်လူနာအဖြစ် ဆေးကုသမှု ခံယူကာ ဓာတ်ခွဲ နမူနာအား ပေးပို့စစ် ဆေးခဲ့ရာ COVID-19 ပိုးတွေ့ရှိခြင်း ဖြစ်ကာ လူနာအား ဝေဘာဂီ အထူးကု ဆေးရုံသို့ လွှဲပြောင်းကုသမှု ခံယူစေမည် ဖြစ်ကြောင်း သိရသည်။
.

လူနာအမှတ်(၁၀) ဖြစ်သော မင်္ဂလာတောင်ညွန့် မြို့နယ်တွင်နေထိုင်သော အသက် ၄၅ နှစ် အရွယ် အမျိုးသားသည် ယခင်အတည်ပြုလူနာ အမှတ်(၅)(Case-05) နှင့် အနီးကပ် ထိတွေ့ခဲ့သည့် ရာဇဝင် ရှိသည့်အတွက် မတ်လ ၂၈ ရက်တွင် ဝေဘာဂီအထူးကုဆေးရုံ၌ အသွားအလာ ကန့်သတ်ခြင်း (Hospital Quarantine) ဆောင်ရွက်၍ ဓာတ်ခွဲနမူနာအား စစ်ဆေးခဲ့ရာ COVID-19 ပိုးတွေ့ရှိခြင်း ဖြစ်ကာ လူနာအား ဝေဘာဂီ အထူးကုဆေးရုံတွင် သီးခြားထားရှိ၍ ဆေးကုသမှု ဆက်လက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
.
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်ချက်တွင် အတည်ပြုလူနာ ၂ ဦး ပါရှိခဲ့သော်လည်း လူနာ ၈၀ ဦးတွင် ရောဂါပိုး မရှိကြောင်းအား ဖော်ပြထားသည်။
.
မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၁၀ ဦး တွေ့ရှိထားပြီး ကမ္ဘာ့နိုင်ငံနှင့် နယ်မြေဒေသပေါင်း ၂၀၂ ခုတွင် အတည်ပြုလူနာပေါင်း ၆၃၄၈၃၅ ဦးထိ တွေ့ရှိထားကာ ယင်းအနက် သေဆုံးသူမှာ ၂၉၉၅၇ ဦး ရှိကြောင်း WHO ၏ မတ်လ ၂၉ ရက် ထုတ်ပြန်ချက်များအရ သိရသည်။

Journal Download

Photo of three cats