COVID-19 အတည်ပြုလူနာ ၃ ဦး ထပ်မံ တွေ့ရှိ၊ စုစုပေါင်း ၈ ဦးရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 အတည်ပြုလူနာ ၃ ဦး ထပ်မံ တွေ့ရှိ၊ စုစုပေါင်း ၈ ဦးရှိ


မြန်မာနိုင်ငံ၌ COVID-19 စောင့်ကြည့်လူနာ ၃ ဦးတွင် COVID-19 ဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ယနေ့ (မတ်လ ၂၈ ရက်)၊ နံနက် ၀၀ နာရီ ၄၅ မိနစ်တွင် ထုတ်ပြန်ကြေညာခဲ့ရာ COVID-19 ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ စုစုပေါင်း ၈ ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အတည်ပြု လူနာများမှာ ဝေဘာဂီအထူးကုဆေးရုံမှ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်နေ အသက် ၂၉ နှစ်အရွယ် အမျိုးသား၊ နေပြည်တော် ခုတင် ၁၀၀၀ ပြည်သူ့ဆေးရုံမှ အသက် ၅၈ နှစ်အရွယ် ဆွစ်ဇာလန်နိုင်ငံသူ အမျိုးသမီးနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်နေ အသက် ၆၀ အရွယ် အမျိုးသမီးတို့ ဖြစ်ကြောင်း သိရသည်။
.
COVID-19 အတည်ပြုလူနာဖြစ်သော အင်းစိန်မြို့နယ်မှ အသက် ၂၉ နှစ်အရွယ် အမျိုးသားသည် ယခင် ဓာတ်ခွဲအတည်ပြုလူနာ (အင်္ဂလန်နိုင်ငံမှ မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ဝင်ရောက်လာခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် နေထိုင်နေသည့် မြန်မာနိုင်ငံသား အသက် ၂၆ နှစ်အရွယ် အမျိုးသား) နှင့်အတူ ဘာဘေးဒိုးနိုင်ငံ၊ အင်္ဂလန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ မတ်လ ၂၃ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ  လာသူဖြစ်ပြီး ၎င်းအား ဝေဘာဂီအထူးကုဆေးရုံကြီးတွင် မတ်လ ၂၆ ရက်ရက်မှ စ၍ အသွားအလာ တားမြစ်ပိတ်ပင်ကာ စောင့်ကြပ်ကြည့်ရှုပြီး ဓာတ်ခွဲနမူနာ စစ်ဆေးရာ COVID-19 ရောဂါပိုး တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။
.

နေပြည်တော်မှ အသက် ၅၈ နှစ်အရွယ် ဆွစ်ဇာလန်နိုင်ငံသူ အမျိုးသမီးသည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှ မတ်လ ၁၈ ရက်တွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပြီး ဟိုတယ်တစ်ခုတွင် သီးခြား နေထိုင်၍ Hotel Quarantine ဆောင်ရွက်စဉ် မတ်လ ၂၂ ရက်၌ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ဝမ်းသွားခြင်း လက္ခဏာများ ခံစားခဲ့ရသဖြင့် မတ်လ ၂၆ ရက်တွင် နေပြည်တော် ခုတင် (၁,၀၀၀) ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးသို့ တက်ရောက် ဆေးကုသမှု ခံယူ၍ ဓာတ်ခွဲနမူနာရယူ၍ ပေးပို့ စစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုး တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။
.
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်နေ အသက် ၆၀ နှစ်အရွယ် ဧည့်လမ်းညွှန် အမျိုးသမီးသည် မတ်လ ၂၅ ရက်မှ စတင်၍ ချောင်းဆိုးခြင်း၊ အန်ခြင်း လက္ခဏာ များဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ၂၆ ရက်နေ့တွင် လာရောက်ပြသခဲ့ရာ ပြင်းထန် အဆုတ်ရောင်ရောဂါ လက္ခဏာများ တွေ့ရှိရသဖြင့် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြား ထားရှိပြီး ပြည်ပနိုင်ငံများသို့ လွန်ခဲ့သော ၁၄ ရက်အတွင်း ခရီးသွား ရာဇဝင် မရှိသော်လည်း ပြင်သစ်နိုင်ငံသား ခရီးသွားများနှင့်အတူ ဧည့်လမ်းညွှန်အဖြစ် ခရီးသွားခဲ့ကြောင်း သိရသဖြင့် လူနာထံမှ ဓာတ်ခွဲနမူနာ ရယူ၍ စစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုး တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။
.
ယနေ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် COVID-19 အတည်ပြုလူနာ ၃ ဦး ပါရှိခဲ့သော်လည်း ကျန်ရှိသည့် လူနာ ၅၉ ဦးတွင် ပိုးတွေ့ရှိခြင်း မရှိကြောင်းနှင့် ယခင်နေ့များက ထုတ်ပြန်ခဲ့သော COVID-19 လူနာများထံမှ ဓာတ်ခွဲ နမူနာများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်း ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ ဓာတ်ခွဲအဖြေများ ကိုက်ညီမှု ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်း ဓာတ်ခွဲခန်းမှ အကြောင်းပြန်ကြားခဲ့ကြောင်း ဖော်ပြ ပါရှိသည်။

Journal Download

Photo of three cats