တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံ၌
အသက် ၇၄ နှစ်အရွယ် အမျိုးသား တစ်ဦး၊ ကျေးသီး မြို့နယ်ဆေးရုံ၌ အသက် ၁၉ နှစ်အရွယ် အမျိုးသမီး
တစ်ဦးနှင့် တာချီလိတ်ဆေးရုံမှ လူနာ အမျိုးသား ၁၁ ဦး၊ စုစုပေါင်း ၁၃ ဦး တို့ကို COVID-19 နှင့် ပတ်သက်၍ သီးသန့် ထားရှိ၍ စောင့်ကြည့် ကုသမှုများ ပေးနေလျက် ရှိကြောင်း
သိရသည်။
.
“ တောင်ကြီး စဝ်စံထွန်း ဆေးရုံက
အသက်ရှူကြပ်တဲ့ လက္ခဏာနဲ့ပေါ့၊ သူ့ရဲ့ ဓါတ်ခွဲ နမူနာကိုတော့ မနက်ဖြန် ပို့မယ်။ ကျေးသီးဆေးရုံမှာ
ထိုင်းက ပြန်လာတဲ့ မိန်းကလေး ရှိတယ်၊ သူကတော့ သဘက်ခါ (မတ်လ ၂၆ ရက်)လောက်မှ ဓါတ်ခွဲ
နမူနာ ရောက်နိုင်မယ်။” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်
ကုသရေး ဦးစီးဌာနမှ ဒေါက်တာ နှင်းအိဖြူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တာချီလိတ်ဆေးရုံ၌ စောင့်ကြည့်လူနာ အဖြစ်
သတ်မှတ်ထားသည့် လူနာအမျိုးသား ၁၁ ဦးမှာ ထိုင်းနိုင်ငံရှိ အကျဉ်းထောင် အသီးသီးမှ ပြစ်ဒဏ်စေ့၍
ပြန်လည် လွှဲပြောင်းလာသော မြန်မာနိုင်ငံသား ၉၂ ဦး အနက်မှ ကိုယ်အပူချိန် မြင့်တက်လျက်ရှိသူများ
ဖြစ်ပြီး ၎င်းတို့အား တာချီလိတ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုပေးလျက်ရှိပြီး ဓာတ်ခွဲနမူနာများ
ရယူကာ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ကြောင်းနှင့်
ကျန်ရှိသည့် ၈၁ ဦးကိုလည်း အသွားအလာ ကန့်သတ်ခြင်း ၁၄ ရက် ပြုလုပ်ထားကြောင်း ကျန်းမာရေးနှင့်
အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
.
တောင်ကြီး စဝ်စံထွန်းဆေးရုံနှင့် ကျေးသီး
ဆေးရုံတို့မှ စောင့်ကြည့်လူနာများ အခြေအနေကိုမူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏
ယနေ့ (မတ်လ ၂၄ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်တွင် ပါရှိသေးခြင်း မရှိသေးချေ။
.
မြန်မာနိုင်ငံတွင် COVID-19 နှင့် ပတ်သက်၍ အတည်ပြုလူနာ ၂ ဦး တွေ့ရှိထားပြီး ရောဂါ စောင့်ကြပ် ကြည့်ရှုခြင်း
လုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုအနေဖြင့် ထုတ်ပြန်ထားသော
ရောဂါ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေး အချက်အလက်များအား တိကျစွာ လိုက်နာဆောင်ရွက်ရန်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက နှိုးဆော်ထားသည်။