COVID -19 နှင့် ပတ်သက်၍ ပြန်ကြားရေးဒုဝန်ကြီး အွန်လိုင်းမှ အသိပေး - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Friday, March 13, 2020

COVID -19 နှင့် ပတ်သက်၍ ပြန်ကြားရေးဒုဝန်ကြီး အွန်လိုင်းမှ အသိပေး


မင်းဇော်မင်း
.
မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် (COVID-19) အခြေအနေနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းက မတ်လ ၁၂ ရက်၊ ညပိုင်းတွင် ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတဆင့် လူထုသို့ အသိပေး ထုတ်ပြန်ခဲ့သည်ဟု သိရသည်။
.
 
.
၎င်း၏ ထုတ်ပြန်ချက်တွင် မတ်လ ၁၃ ရက်မှ ဧပြီလကုန်အထိ ကာလအတွင်း တားဆီးကာကွယ်ရေးလုပ်ငန်းများကို ထိရောက်အောင် ဖိဖိစီးစီး တင်းတင်းကြပ်ကြပ် ဆောင်ရွက်သွားရန်၊ အများပြည်သူကို ကျန်းမာရေးအသိနှင့် သတိထား နေထိုင်ရန် ပညာပေး ပန်ကြားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုကာလအတွင်း လူစည်ကားသည့် ပွဲလမ်းသဘင်၊ လူစုလူဝေး အခမ်းအနား၊ အစည်းအဝေးများ (သင်္ကြန်မဏ္ဍပ်များနှင့် ရုံရှင်ရုံများ အပါအဝင်) မကျင်းပရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်ကြောင်းနှင့် အသေးစိတ် ကို သက်ဆိုင်ရာဌာနများမှ တရားဝင် ထုတ်ပြန်ကြေညာ ပေးသွားမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင် ဆက်စပ်ဖြစ်ပေါ်လာမည့် စီးပွားရေး၊ လူမှုရေးပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းလမ်းများကိုလည်း ဆွေးနွေးတိုင်ပင်ခဲ့ကြောင်း၊ ရောဂါစတင်ဖြစ်ပွားရာ တရုတ် နိုင်ငံတွင် ယင်းကဲ့သို့ ဖိဖိစီးစီး ဆောင်ရွက်ခဲ့သည့်အတွက် ရောဂါကူးစက်ပြန့်ပွားမှု ကျင်းဆင်းလာသည်ကို တွေ့ရ ပါကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ သတင်းအတု၊ သတင်းမှားများ၊ ကောလာဟလများကို မယုံကြည်ကြရန်၊ ထုတ်လွှင့်သူများကိုလည်း ဖော်ထုတ်ဟန့်တားပေးကြရန် မေတ္တာရပ်ခံလိုပါကြောင်း၊ ၎င်းတို့ကို သက်ဆိုင်ရာဥပဒေ များနှင့်အညီ ရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
.
“အခုချိန်အထိ ဗိုင်းရပ်စ် ကူးစက်ခံရတဲ့လူနာ မတွေ့သေးပါဘူး။ တွေ့ရှိရင်လည်း ချက်ချင်းအသိပေး ထုတ်ပြန်သွား မှာပါ။ လူလူဝေးထူထပ်တဲ့ နေရာတွေ၊ အခမ်းအနားတွေကို တတ်နိုင်သလောက် ရှောင်ကြဉ်ကြဖို့ တိုက်တွန်းပေး ကြပါ” ဟု ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
.
2019 Novel Coronavirus (COVID-19) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အရေးအပေါ်အစည်းအဝေးကို ယမန်နေ့ မတ်လ ၁၂ ရက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနရုံးတွင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း အဆိုပါ COVID-19 နှင့် ပတ်သက်၍ ပြည်သူများ စိုးရိမ် ထိတ်လန့်မှုအပေါ် မကောင်းသောစိတ်ဖြင့် အကျိုးအမြတ် ထုတ်ယူလို၍လည်းကောင်း၊ ကောလာဟလသတင်းများကို ပုံစံအမျိုးမျိုးဖြင့် ဖန်တီးဖြန့်ဖြူးလျက်ရှိကြောင်းနှင့် လူမှုကွန်ရက် (Facebook messenger) မှ တစ်ဆင့် ကောလာဟလသတင်းမှားကို အသံဖိုင်ဖြင့် ဖန်တီးဖြန့်ဖြူးနေသည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါ အသံဖိုင်တွင် “ပြည်ထောင်စုဝန်ကြီး၏ PSO မှ ပြောကြားသည်” ဆို၍ မဟုတ်မမှန်လုပ်ကြံဖန်တီးပြောဆိုကာ ပြည်သူများ စိုးရိမ်ထိတ်လန့်စေရန် လုပ်ဆောင်လျက်ရှိကြောင်း၊ ယင်းကဲ့သို့ ကောလာဟလသတင်းမှားများ ဖြန့်ဖြူးနေသူများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကာ ရှာဖွေဖော်ထုတ်၍ တည်ဆဲဥပဒေများအတိုင်း အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
.
ယနေ့ မတ်လ ၁၃ ရက်၊ နံနက်ပိုင်းအထိ ကမ္ဘာနိုင်ငံပေါင်း ၁၂၈ နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် COVID-19 ကူးစက်ခံရသူ ၁၃၄၅၆၁ ဦး၊ သေဆုံးသူ ၄၆၉၂ ဦးနှင့် ပြန်လည်သက်သာလာသူ ၆၈၉၅၈ ဦး ရှိလာပြီဖြစ်ပြီး မြန်မာနိုင်ငံတွင် ရောဂါ အတည်ပြုဖြစ်ပွားသူ မရှိသေးကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)