နယ်စပ်ဒေသမှ ပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင်ရာ နယ်စပ်တွင် ကန့်သတ်ထားရှိမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နယ်စပ်ဒေသမှ ပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင်ရာ နယ်စပ်တွင် ကန့်သတ်ထားရှိမည်


မောင်မောင်သန်း (တောင်ကြီး)
.
COVID-19 ကြောင့် နယ်စပ်ဂိတ်များမှ အစုလိုက်အပြုံလိုက် ဝင်ရောက်လာသူများကို ပြည်တွင်းသို့ တိုက်ရိုက် ပြန်ခွင့်ပြုမည်မဟုတ်ဘဲ ၎င်းတို့ ဝင်ရောက်လာရာ နယ်စပ်မြို့များတွင် ‌ထားရှိပြီး အသွားအလာကန့်သတ်ခြင်း (Community Base Facility Quarantine) ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.
အဆိုပါ ပြန်လည်ဝင်ရောက်လာသူများ အချင်းချင်းတွင်လည်းကောင်း၊ ပြည်တွင်း နေထိုင်သူများထံသို့လည်းကောင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားပြီး ကပ်ရောဂါကြီး ဖြစ်ပွားရန် အလားအလာ များပြားနေသဖြင့် ယင်းကဲ့သို့ အသွားအလာကန့်သတ်၍ ၁၄ ရက် စောင့်ကြည့်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အတွင်း Coronavirus Disease 2019 (COVID-19)  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း ထံက သိရသည်။
.

“Lock Down ကတော့ လောလောဆယ် လုပ်ဖို့ မလွယ်သေးပါဘူး။ လုပ်လိုက်ရင် စားဝတ်နေရေးကအစ ဓါတ်ခွဲ အဖြေတွေ ပို့ဖို့အထိ အခက်အခဲတွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ တောင်ကြီးမြို့နယ် ကွန်လုံကျေးရွာက လူနာ ၃ ဦး နေတဲ့ လမ်းတွေကိုတော့ Lock Down လုပ်ခိုင်းလိုက်ပါတယ်။ အဲဒီလို အပိုင်းလိုက်ပဲ လုပ်နိုင်ပါမယ်” ဟု ရှမ်းပည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.
၁၄ ရက်ကြာ စောင့်ကြည့်ထားရှိမည့် နယ်စပ်မြို့များမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် ကျိုင်းတုံမြို့တို့ဖြစ်ပြီး ယင်းမြို့များ သို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ  တစ်မြို့လျှင် ငွေကျပ်သိန်း ၅၀ စီ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
.
ပြည်ပနိုင်ငံများမှ ရှမ်းပြည်နယ်အတွင်းသို့ ပြန်လည် ဝင်ရောက်လာတဲ့သူ အရေအတွက်သည် မတ်လ ၂၉ ရက်အထိ ၁၀၅၆၂ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats