စိုင်းရာဇာ
.
ရှမ်းပြည်နယ်တွင် COVID 19 နှင့် ပတ်သက်၍ ရပ်ကွက်၊
ကျေးရွာများတွင် သံသယရှိသော လူနာများ ရှိပါက မိမိတို့နေထိုင်ရာ
ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် အကြောင်းကြားနိုင်ကြောင်း
ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
.
.
“လူနာတွေ့တယ်။
Quarantine လုပ်သင့်တဲ့ သံသယလူနာတွေ့တယ်ဆိုရင်
မြို့နယ်အုပ်ချုပ်ရေးမှူးကတစ်ဆင့် အကြောင်းကြားရမယ်။ မြို့နယ်အဆင့် လက်လှမ်းမမီရင်
ကိုယ်နေတဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးကနေ အကြောင်းကြား ရမယ်။ အဲဒီကနေ တစ်ဆင့်ပြီးတစ်ဆင့်
ဆေးရုံကို အကြောင်းကြားရမယ်။ ဆေးရုံကနေ ထားဖို့၊ ကုသဖို့ကို ဆောင်ရွက်ပေးမှာပါ” ဟု
ရှမ်းပြည်နယ်အစိုးအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့်
ကျန်းမာရေးများနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်များကို ပြည်နယ်လူမှုရေး ဝန်ကြီးနှင့်
ပြည်နယ်ကျန်းမာရေးရုံးမှ ထုတ်ပြန်ပေးလျက်ရှိပြီး တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍
ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ လည်းကောင်း၊ စားသုံးသူရေးရာနှင့် ဘဏ္ဍာရေးဆိုင်ရာ
ကိစ္စများကို ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးမှ လည်းကောင်း ထုတ်ပြန်ပေးလျက်ရှိကြောင်း
သိရသည်။
.
“တစ်ဖက်နိုင်ငံက
ပြန်လာတဲ့ အုပ်စုတွေ ရှိတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကတော့
သက်ဆိုင်ရာ Home Quarantine လုပ်ပါလို့ ပြောထားတယ်။
ရှမ်းပြည်နယ်အနေနဲ့ကတော့ Home Quarantine ဆိုရင် တချို့က
လွတ်သွားနိုင်တယ်။ ကျွန်တော်တို့အနေနဲ့ Facalities Quarantine ကို ဦးစားပေး လုပ်နေတယ်။ မြဝတီကနေ ပြန်လာတွေ ရှိတယ်။ အဲဒါကို
မြို့နယ်အုပ်ချုပ်ရေးမှူးကနေ စာသင်ကျောင်းတွေမှာ Quarantine လုပ်မယ်။
သက်ဆိုင်ရာမိဘတွေက လာပြီးတော့ တစ်ခါသုံး အထုပ်ပိုးနဲ့ စားစရာတွေ လာပို့လို့ ရတယ်။
လာပို့ဖို့ အဆင်မပြေရင် အစိုးရက လိုအပ်တဲ့ စားသောက်ရေး တစ်ရက် ၃ နပ်စာကို
ပြည်နယ်အစိုးရက ထောက်ပံ့ဖို့လည်း သဘောတူထား ပြီးပြီ” ဟု ပြည်နယ်လူမှုရေးဝန်ကြီးက ဆက်လက်ပြောဆိုခဲ့သည်။
.
နိုင်ငံရပ်ခြားမှ ပြန်လာသူများကို
ရှမ်းပြည်နယ်ရှိ မြို့နယ်များအလိုက် စာသင်ကျောင်းများတွင် Quarantine
ပြုလုပ်ပေး ထားပြီး လိုအပ်သော စားနပ်ရိက္ခာများကိုလည်း
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
COVID 19 နှင့်
ပတ်သက်၍ မြို့နယ်အလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ဦးဆောင်သော အဖွဲ့များမှ
ရပ်ကွက်အတွင်း ကျန်းမာရေးနှင့် ပတ်သက်သော ဆောင်ရန်၊ ရှောင်ရန်များအား အသံချဲ့စက်ဖြင့်
လိုက်လံဆော်သြမှုများ ပြုလုပ်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ညွှန်ကြားထားပြီး
ရပ်ကွက်တွင် သံသယရှိသော လူနာများကိုလည်း ဆော်သြမှုများ ပြုလုပ်သော အဖွဲ့ထံ
အကြောင်းကြားနိုင်ကြောင်း သိရသည်။
.