မင်းဇော်မင်း
.
ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် ကိုယ်ကျိုးစီးပွားအတွက် ဝိသမလောဘဖြင့်
ဈေးကစားပါက ထိထိ ရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်ဟု နိုင်ငံတော်သမ္မတရုံး
ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က သတိပေးပြောဆိုခဲ့သည်။
.
.
နိုင်ငံတော်သမ္မတရုံးတွင် မတ်လ ၁၃ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌
ဦးဇော်ဌေးက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ကုန်သည်၊ လုပ်ငန်းရှင်တွေကို သတိပေးပြောကြားလိုပါတယ်။ ဒီအချိန်အခါမှာ
အခွင့်ကောင်းယူပြီးတော့ ဈေးကစားတဲ့၊ အကျိုးအမြတ်ရှာတဲ့ လုပ်ငန်းရှင်တွေ၊ ရောင်းချတဲ့သူတွေကို
ကျွန်တော်တို့ ထိထိရောက်ရောက် အရေး ယူမှာဖြစ်ပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။
.
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထုနှင့် ပတ်သက်၍ ကျရာကဏ္ဍမှ
ပူးပေါင်းပါဝင်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ရောဂါ၏ ကျယ်ပြန့်မှုပမာဏမှာ တစ်ကမ္ဘာလုံးအတိုင်းအတာနှင့်
အတော်ကြီးမားသည့်အတွက် ယခု အချိန်တွင် အကျိုးအမြတ်နှင့် ကိုယ်ကျိုးစီးပွားအတွက် ဝိသမလောဘစိတ်
မမွေးမြူကြရန် မေတ္တာရပ်ခံလိုကြောင်း ၎င်းက ပြောဆိုခဲ့သည်။
.
“မနေ့ (မတ်လ ၁၂ ရက်) ညက ရန်ကုန်မှာ စားသောက်စရာတွေဝယ်ယူစုဆောင်းကြတာတွေပေါ့။
အခု ကြုံ တွေ့နေရတာက COVID-19 ကူးစက်ရောဂါထက် ဒီရောဂါရဲ့ ဂယက်ပါ။ ဒီဂယက်အပေါ်မှာ အသုံးချပြီး
တချို့လည်း ရည်ရွယ်ချက်ရှိရှိ ဖြစ်ကောင်းဖြစ်မယ်၊ တချို့လည်း ရည်ရွယ်ချက်မရှိဘဲ ဖြစ်ကောင်းဖြစ်မယ်။
ဒီလို ကောလာဟလ သတင်းတွေ ထုတ်လွှင့်ခြင်းသည် လူထုအပေါ်မှာ စိုးရိမ်ပူပန်မှုတွေ ကြီးမားစေပါတယ်”
ဟု ဦးဇော်ဌေးက ဆက်လက် ပြောဆိုခဲ့သည်။
.
မြန်မာနိုင်ငံအနေဖြင့် အရန်ဆန်တန်ချိန် ၁၅၀၀၀ ရှိထားပြီးဖြစ်ကာ
တွက်ချက်၍ လိုအပ်ပါက ထပ်မံစုဆောင်း သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံခြားတင်ပို့မှုကိုလည်း
လိုအပ်ပါက ပိတ်ပင်သွားမည်ဖြစ်ကြောင်း၊ ယင်းကိစ္စအတွက် စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်း၊
ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ကို အစည်းအဝေးခေါ်ယူမည်ဖြစ်ကြောင်း ဦးဇော် ဌေးက ပြောသည်။
.
COVID-19 နှင့် ပတ်သက်၍ ပြည်သူလူထုအနေဖြင့် အစိုးရိမ်မလွန်ကြရန်လိုကြောင်း၊
မစိုးရိမ်ဘဲလည်း မနေ ကြစေလိုကြောင်း ၎င်းက ပြောသည်။
.
အလားတူ နိုင်ငံတော်သမ္မတရုံးမှလည်း ယင်းနေ့တွင်ပင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ COVID-19 ကူးစက်ပြန့်နှံ့မှု
မရှိစေရေးအတွက် ပြည်သူလူထုအနေဖြင့် လူစုလူဝေးဖြင့် ကျင်းပသော အခမ်းအနားများ၊ မြန်မာ့ရိုးရာ
သင်္ကြန်ပွဲ အပါအဝင်ပွဲတော်များကို မတ်လ ၁၃ ရက်မှ ဧပြီလ ၃၀ ရက်အတွင်း မပြုလုပ်ကြရန်
ပြည်သူများသို့ ပန်ကြား ထားကြောင်း သိရသည်။
.