COVID-19 ကြောင့် အကျဉ်းထောင်များတွင် အကျဉ်းသားဦးရေ လျှော့ချနိုင်ရေး AAPP မှ အကြံပြုချက်ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, March 27, 2020

COVID-19 ကြောင့် အကျဉ်းထောင်များတွင် အကျဉ်းသားဦးရေ လျှော့ချနိုင်ရေး AAPP မှ အကြံပြုချက်ထုတ်ပြန်


မင်းဇော်မင်း
.
နိုင်ငံရေးအကျဉ်းသားဟောင်းများကူညီစောင့်ရှောက်ရေးအဖွဲ့(AAPP) မှ COVID-19 ရောဂါကြောင့် ဖြစ်ပေါ်လာ  နိုင်သည့် အကျဉ်းထောင်များအခြေအနေအတွက် အကျဉ်းသားဦးရေ လျှော့ချနိုင်ရေး အကြံပြုချက်တစ်ခုကို ထုတ်ပြန်ခဲ့ပြီး နိုင်ငံတော်သမ္မတရုံးသို့လည်း ပေးပို့ခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ ထုတ်ပြန်ချက်ကို မတ်လ ၁၈ ရက်က ထုတ်ပြန်ခဲ့ပြီး ယခုတွင် နိုင်ငံတော်သမ္မတရုံးမှလည်း လက်ခံရရှိပြီးဟု အကြောင်းပြန်ချက်အပေါ် လက်ရှိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါလူနာတွေ့ရှိမှုအပေါ် အခြေခံကာ ထပ်မံဖြည့်စွက်ရခြင်းဖြစ်သည်ဟု AAPP က ဦးအောင်မျိုးကျော် က မတ်လ ၂၆ ရက်က ပြောသည်။
.
“အကျဉ်းထောင်တွေထဲမှာ လူတွေ ရှိသင့်တာထက် ပိုများနေတယ်။ ဝန်ထမ်းတွေကလည်း အဝင်အထွက်ရှိနေတယ်။ ပြီးတော့ ထောင်ဝင်စာတွေ့တာလဲရှိတယ်။ ရောဂါကာကွယ်မှုအတွက် လုံလောက်တဲ့ ခွဲခြားထားနိုင်မှုကအစ ငွေကြေး အဆုံး လုံလောက်မှုမရှိနိုင်ဘူး။ ဖြစ်လာရင် ထိန်းချုပ်နိုင်ဖို့ ခက်လိမ့်မယ်။ ဒါကြောင့် အကြံပြုချက်ထုတ်ရတာပါ” ဟု ဦးအောင်မျိုးကျော်က ပြောသည်။
.
ယခုလို COVID-19 ရောဂါ ကို အပြင်းအထန်တွန်းလှန်ရန်ကြိုးစားနေဆဲတွင် စစ်ပွဲများ ရပ်နားရန်လိုပြီး အဆိုပါ စစ်ပွဲများတွင် သုံးစွဲနေသည့်ငွေကြေးများကို ရောဂါထိန်းချုပ်နိုင်ရေးကိစ္စရပ်များတွင် ချသုံးကာ အတူတကွ လူသားအချင်းချင်းပူးပေါင်းဆောင်ရွက်ကြရန် အထူးပင်လိုအပ်နေသည်ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
လက်ရှိအချိန်အထိ COVID-19 ရောဂါရှိသည့် အကျဉ်းသားရှိကြောင်း မကြားမိသေးသော်လည်း အကျဉ်းထောင်များ အနေဖြင့် ဖြစ်ပေါ်လာသည့် အခြေအနေကို ထိန်းချုပ်ရန် ခက်ခဲမည်ဖြစ်ပြီး အကျဉ်းထောင်ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုများပါ ခံစားရနိုင်သဖြင့် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် အကျဉ်းသားဦးရေကို လျှော့ချရန် လိုအပ်နေသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
.
နိုင်ငံရေးအရ ဖမ်းဆီးထားသူများ၊ သာမန်အမှုများ၊ မူးယစ်ဆေးသုံးစွဲမှုများမှ ၁၆(ဂ)အမှုအပြင် အခြား အမှုများကို အမြန်ဆုံးလွှတ်ပေးသင့်ပြီး နိုင်ငံရေးအရ ထိန်းသိမ်းထားပြီး အမှုရင်ဆိုင်နေရသူများ၏ အမှုများကို ပလပ်သင့်ကြောင်း၊ အမှုသေးများကို အာမခံပေးသင့်ပြီး အမှုများအမြန်ဖြတ်သင့်ကြောင်း၊ အမှုကြီးများကို ထောင်တွင်းတရားရုံးများဖွင့်ပြီး မိသားစုများနှင့်သတင်းသမားကို သတင်းယူခွင့်ပေးသင့်ကြောင်း၊ အခြားသော ဗိုင်းရပ်စ်ပြင်းထန်သည့် နိုင်ငံများတွင် အကျဉ်းသားများအား စိစစ်ပြီး လွှတ်ပေးနေသည်များ ရှိနေပြီး အကျဉ်းသားများသည်လည်း လူသားများသာ ဖြစ်နေသည်ဆိုသည်ကို မျက်ကွယ်မပြုသင့်ကြောင်း အကြံပြုအပ်သည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
.
“အခုထောင်မှာ ၁၆(ဂ)စာရင်းကောက်ပြီး စာရင်းပို့ထားတယ်လို့ တောင်လေးလုံးထောင်က သိရတယ်။ ဒါပေမဲ့ အခြားအမှု ဝစ်သောက် ကား/ဆိုင်ကယ် ပါရင် အကျုံးမဝင်ဘူးလို့လဲသိရတယ်။ ၁၆(ဂ)က ၅ နှစ်ကျတယ်။ ကား/ဆိုင်ကယ်က ၃ လ အများဆုံး သွင်းကုန်/ထုတ်ကုန်အရ ကျတယ်။ မူးယစ်မှု ၅ နှစ်ကိုလွှတ်ပေးပြီး ၃ လ အမှုတွဲရင် အကျုံးမဝင်လို့ မလွတ်ဘူးဆိုတော့ နစ်နာ လွန်းတယ်လို့မြင်တယ်။ ၃ လကြောင့် ၅ နှစ်က မလွတ်လို့ နစ်နာတာကို တာဝန်ရှိသူတွေစဉ်းစားနိုင်အောင် အကြံပြုပါတယ်” ဟု ရှမ်းပြည် (အရှေ့ပိုင်း) နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့မှ ဦးမင်းဇော်က ပြောသည်။
.
လက်ရှိ အကျဉ်းထောင်များတွင် အကျဉ်းကျတစ်ဦးလျှင် ၁၈ ပေ သတ်မှတ်ထားသောလည်း ၄ ဦးမျှ နေထိုင်ကြရသည့် အတွက်အလွန်အမင်းကြပ်တည်းနေပြီး အကယ်၍ COVID-19 ရောဂါဖြစ်ပါက အခြေအနေကို ထိန်းချုပ်နိုင်ရန် ခက်ခဲနိုင်သဖြင့် လွှတ်သင့်သည်များ အမြန်ဆုံးလွှတ်ပေးနိုင်ရန် နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့များက အကြံပြုထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats