လွှတ်တော်အသီးသီးတွင် တပ်ကိုယ်စားလှယ်ပါဝင်မှုကို လျှော့ချရေး ပြင်ဆင်ချက် အပါအဝင် ဖွဲ့စည်းပုံပြင်ဆင်ရေး ပုဒ်မ အများစု မဲရှုံးနိမ့် - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Tuesday, March 10, 2020

လွှတ်တော်အသီးသီးတွင် တပ်ကိုယ်စားလှယ်ပါဝင်မှုကို လျှော့ချရေး ပြင်ဆင်ချက် အပါအဝင် ဖွဲ့စည်းပုံပြင်ဆင်ရေး ပုဒ်မ အများစု မဲရှုံးနိမ့်


ကမ္ဘောဇတိုင်း
.
၂၀၀၈ ခုနှစ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေပါ ပုဒ်မများနှင့် ပတ်သက်၍ ယနေ့ မတ်လ ၁၀ ရက်က ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ လွှတ်တော်အသီးသီးတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ပါဝင်မှုကို လျှော့ချပြင်ဆင်ရေး အပါအဝင် ပုဒ်မအများစု၌ ပြင်ဆင်ရေး မဲရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
.
Photo - Pyidaungsu Hluttaw
.
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းပါ ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (က) တွင် အကျုံးဝင်သည့် ပုဒ်မ ၁၄ ခုနှင့် ပတ်သက်၍ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၉ ရက်နေ့ ဖြစ်သော ယနေ့ မတ်လ ၁၀ ရက်တွင် မဲခွဲဆုံးဖြတ်ရာ ပုဒ်မ ၂ ခုကိုသာ ပြင်ဆင်ရန် သဘောတူညီချက် ရရှိခဲ့ပြီး ကျန်ပုဒ်မများအား မဲခွဲဆုံးဖြတ် ရာတွင် ထောက်ခံမှု ၇၅ ရာခိုင်နှုန်းမကျော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
လွှတ်တော်အသီးသီးတွင် တပ်မတော်သား ပါဝင်မှုနှင့် ပတ်သက်၍ ပြဌာန်းထာသည့် ပုဒ်မ ၄၀၄ ပြင်ဆင်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ခန့်အပ်မှုနှင့် ပတ်သက်သည့် ပုဒ်မ ၁၇ ခ ပြင်ဆင်ရေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်အဖွဲ့အစည်းအားလုံး၏ အကြီးအကဲဖြစ်သည် ဟူသည့် ပုဒ်မ ၂၀၊ ပုဒ်မခွဲ (ဂ) ကို ဖျက်သိမ်းရေး၊ နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေး ကင်းရှင်းရမည် ဟူသည့် ပုဒ်မ ၂၆ (က) ကို ဖျက်သိမ်းရေး အပါအဝင် ပြင်ဆင်ချက် ၁၂ ခုတို့၌ ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သဖြင့် ပြင်ဆင်/ ပယ်ဖျက်ရေး မအောင်မြင်ခဲ့ခြင်းဖြစ်သည်။
.
ပြင်ဆင်ရန် ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းကျော်ခဲ့သည့် ပုဒ်မများမှာ ပုဒ်မ ၃၂၊ ပုဒ်မခွဲ (က) မိခင်နှင့်ကလေးသူငယ် များ၊ မိဘမဲ့ကလေးများ၊ ကျဆုံးသောတပ်မတော်သားများ၏ ကလေးများ၊ အိုမင်းမစွမ်းသူများ၊ မသန်မစွမ်းသူများအား ကြည့်ရှုစောင့်ရှောက်ရမည် ဟူသော ပြဌာန်းချက်နှင့် ယင်းပုဒ်မ၊ ပုဒ်မခွဲ (ခ) မသန်မစွမ်းဖြစ်လာသော တပ်မတော်သား များအား သင့်တင့်လျောက်ပတ်စွာ နေထိုင်စားသောက်နိုင်စေရန်နှင့် အသက်မွေးပညာကို အခလွတ်သင်ယူ နိုင်စေရန် စီမံဆောင်ရွက်ရမည် ဟူသော ပြဌာန်းချက်များဖြစ်ကြောင်း သိရသည်။
.
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၆၅၄ ဦးရှိသည့်အနက် ယနေ့ အစည်းအဝေးတွင် ခွင့်ပန်ကြားသူ ၂၁ ဦး ရှိခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ၆၃၃ ဦးမှ ဆန္ဒမဲ ပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)