မော်တော်ယာဉ် စီးနင်းခ ၂ ဆ ကောက်ခံမည့်အပေါ် ဝေဖန်မှုများ ရှိနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မော်တော်ယာဉ် စီးနင်းခ ၂ ဆ ကောက်ခံမည့်အပေါ် ဝေဖန်မှုများ ရှိနေ


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်ရှိ မော်တော်ယာဉ်လိုင်းများ အနေဖြင့် ခရီးသည်များအား ယာဉ် စီးနင်းခအဖြစ် လက်ရှိကျသင့်ငွေ၏ ၂ ဆ ကောက်ခံမည့်အပေါ် ဒေသခံများက ဝေဖန်နေလျက်ရှိကြောင်း သိရသည်။
.
“ မဖြစ်မနေ သွားရမယ့် သူတွေအတွက်တော့ ကားခ ၂ ဆပေးရတော့မှာပါ။ ဒါပေမဲ့ ကားသမားတွေနဲ့ ကားဂိတ်တွေက လောဘ တက်ပြီး လမ်းမှာ လူ မတင်ပါဘူးလို့ ဘယ်သူ အာမခံမှာလဲ။"ဟု ကျိုင်းတုံမှ တောင်ကြီးသို့ ခရီး သွားရောက်ရန် ပြင်ဆင်နေသူ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

မော်တော်ယာဉ်လိုင်းများ အနေဖြင့် ယာဉ်တွင် လက်ရှိ တင်ဆောင်နိုင်သည့် ခရီးသည် အရေအတွက်အား တစ်ဝက်လျှော့ချပြီး ယာဉ်စီးခကို ၂ ဆ ကောက်ခံသွားရန်အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့က မတ်လ ၂၈ ရက်တွင် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်ဟု သိရသည်။
.
"ရှမ်းပြည်နယ် အစိုးရရဲ့ ညွှန်ကြားစာကို လက်ခံ ရရှိပါတယ်။ ကျိုင်းတုံမြို့မှာ ရှိနေတဲ့ ယာဉ်လိုင်းအားလုံးကို လိုက်နာ ဆောင်ရွက်ကြဖို့ အသိပေးထားပြီး ဖြစ်ပါတယ်"ဟု ကျိုင်းတုံခရိုင် အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းက ပြောသည်
.
ထို့အတူ တက်နေဝန်း ခရီးသည်တင်ယာဉ်လိုင်းဂိတ် ပိုင်ရှင် ဦးခင်မောင်တင့်ကလည်း “ ကျွန်တော်တို့ ယာဉ်လိုင်းကတော့ ညွှန်ကြားတဲ့အတိုင်း ဒီနေ့ရောင်းတဲ့ လက်မှတ်ကနေ စပြီး ခရီးသည်ကို သေချာ နားလည်အောင် ရှင်းပြပေးပါတယ်"ဟု ပြောသည်။
.
 အဆိုပါ ရှမ်းပြည်နယ်အစိုးရ၏ ညွှန်ကြားစာတွင် COVID- 19 ကူးစက်ရောဂါ ကာကွယ်ရေးအတွက် ဆောင်ရွက်ရခြင်း ဖြစ်သည်ဟု ဖော်ပြထားပြီး ရှမ်းပြည်နယ်အခြေပြု ယာဉ်လိုင်း အားလုံးအနေဖြင့် မတ်လ ၂၈ ရက်မှ စတင်၍ လိုက်နာ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats