.
ပြည်ပနိုင်ငံတွေကနေ ရှမ်းပြည်နယ်အတွင်းကို ပြန်လည် ဝင်ရောက်လာတဲ့သူ အရေအတွက်ဟာ မတ်လ ၂၉ ရက်အထိ ၁၀၅၆၂ ဦး ရှိတယ်လို့ သိရပါတယ်။
.
ပြန်လာတဲ့သူတွေကို ကျန်းမာရေး ဝန်ထမ်းတွေနဲ့ သက်ဆိုင်ရာဌာနက သူတွေ ပူးပေါင်းပြီးတော့ ကျန်းမာရေး စစ်ဆေးတာတွေ၊ အခြား လိုအပ်တာတွေကို ပေါင်းစပ်ဆောင်ရွက်ပေးနေတယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ဆိုပါတယ်။
.
ပြည်ပကနေ ပြန်လည် ဝင်ရောက်လာ ဦးရေဟာ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၆၀၇၅ ဦး၊ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ၂၈၀၀ ဦး၊ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ၁၆၈၇ ဦး စုစုပေါင်း ၁၀၅၆၂ ဦး ရှိတယ်လို့ သိရပါတယ်။
.
အဲဒီ ပြည်ပကနေ ပြန်လည် ဝင်ရောက်လာသူတွေ အနက် COVID-19 နဲ့ ပတ်သက်ပြီး Quarantine ပြုလုပ်ပြီး အသွားအလာ ကန့်သတ်ထားသူ အနေနဲ့ နေအိမ်တွေမှာ ၇၈၆၇ ဦး၊ ဘုန်းကြီးကျောင်းတွေမှာ ၁၅၉ ဦး၊ ဆေးရုံတွေမှာ ၄၂ ဦး၊ ရိပ်သာတွေမှာ ၂၀၈ ဦး၊ ဟိုတယ်မှာ ၄ ဦး စာသင်ကျောင်းတွေနဲ့ အခြားနေရာတွေမှာ ၂၀၈၅ ဦး၊ စုစုပေါင်း ၁၀၃၆၅ ဦး ရှိတယ်လို့ သိရပါတယ်။
.
ပြည်ပကနေ ပြန်လာသူတွေကို ကျန်းမာရေး စစ်ဆေးမှု ခံယူပြီး ကျန်းမာရေး ကောင်းမွန်တဲ့အတွက် သူတို့နေထိုင်ရာ ဒေသတွေကို ပြန်လည်စေလွှတ်သူ ဦးရေကတော့ ၁၇၅ ဦး ရှိပြီး ပြည်ပကနေ အလုံးအရင်းနဲ့ ပြန်လည် ဝင်ရောက်လာသူတွေမှာ COVID-19 ရောဂါ ကူးစက်ခံရသူတွေ ပါဝင်လာနိုင်ခြေ များပြားတာကြောင့် ကပ်ရောဂါကြီး အသွင်ဖြစ်ဖို့ အလားအလာ အလွန် များတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မတ်လ ၂၉ ရက်က သတိပေး ထုတ်ပြန်ထားပါတယ်။
.
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မတ်လ ၃၀ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ COVID-19 အတည်ပြုလူနာ အမှတ်(၁၄)ဟာ ထိုင်းနိုင်ငံကနေ ကျောက်မဲမြို့ကို တာချီလိတ်ကနေ တဆင့် ပြန်လည် ရောက်ရှိလာတဲ့သူ ဖြစ်ပြီး မြန်မာနိုင်ငံမှာ ဒီနေ့ မတ်လ ၃၁ ရက်ထိ COVID-19 အတည်ပြုလူနာ ၁၄ ဦးထိရှိပြီး လူနာအမှတ် ၅ တစ်ဦး သေဆုံးကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့မနက်က ထုတ်ပြန်ခဲ့ပါတယ်။