အောင်ပန်းတွင် ပုဂ္ဂလိကဘဏ်တစ်ခုထံမှ ထောက်ခံချက်အတုများဖြင့် ငွေကျပ်သိန်း ၃၀၀၀ ကျော် လိမ်လည်ချေးယူမှု ဖြစ်ပွား - Kanbawza Tai News

Breaking

Boxed(True/False)

Saturday, March 14, 2020

အောင်ပန်းတွင် ပုဂ္ဂလိကဘဏ်တစ်ခုထံမှ ထောက်ခံချက်အတုများဖြင့် ငွေကျပ်သိန်း ၃၀၀၀ ကျော် လိမ်လည်ချေးယူမှု ဖြစ်ပွား


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ပုဂ္ဂလိကဘဏ် တစ်ခုထံမှ ထောက်ခံချက်လက်မှတ် အတုများဖြင့် ငွေကျပ်သိန်း ၃၀၀၀ ကျော် လိမ်လည်မှုဖြစ်ပွားခဲ့ကြောင်း အောင်ပန်းနယ်မြေရဲစခန်းမှ သိရသည်။
.
.
အောင်ပန်းမြို့နေ ပြည်သူ ၆၀၀ ကျော်ကို အယုံသွင်းကာ ရပ်ကွက်ထောက်ခံစာ အတု၊ လက်မှတ်အတုများဖြင့် အောင်ပန်းမြို့တွင် ဖွင့်လှစ်ထားသည့် မြန်မာ့ရှေ့ဆောင်ဘဏ်မှ ငွေကျပ် ၃၀၅၇ သိန်းကျော်ကို လိမ်လည်ချေးငှားခဲ့ သဖြင့် ဘဏ်မှ အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်ပြီး ထောက်ခံချက်အတု၊ လက်မှတ်အတု ပြုလုပ်လိမ်လည်မှုအတွက် အောင်ပန်းမြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှလည်း စုပေါင်းကာ အမှုဖွင့်လှစ်သွားရန်ရှိနေကြောင်း သိရသည်။
.
“ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ထောက်ခံချက် မပေးခိုင်းထားဘူး။ အခုက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့ လက်မှတ်အတု၊ တံဆိပ်တုံးအတုတွေနဲ့ ဘဏ်မှာသွားလိမ်တာဖြစ်လို့ အမှုဖွင့်ခိုင်းထားတယ်” ဟု ကလောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
“ကျွန်တော်တို့ ညောင်ပင်ထောင်က ရပ်ကွက်ပြည်သူ ၁၁၂ ဦးကို သူတို့မသိဘဲနဲ့ သူတို့နာမည်တွေသုံးပြီး ငွေချေးခဲ့တဲ့ အပြင် ကျွန်တော်တို့ တံဆိပ်တုံးနဲ့ လက်မှတ်တွေလည်း အတုလုပ်ပြီး လိမ်ထားတာပါ။ မြို့နယ်အုပ်ချုပ်ရေးမှူးကို တင်ပြပြီး တိုင်စာတော့ ပို့ထားပါပြီ။ စာမေးပွဲပြီးရင်တော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ စုပြီး အမှုဖွင့်ဖို့ စီစဉ်ထား ပါတယ်” ဟု အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိန်ချွန်းက ပြောသည်။
.
အောင်ပန်းမြို့၊ ရွာငံစုရပ်ကွက်တွင် ရွှေရည်ဦး အမည်ဖြင့် အီလက်ထရောနစ်ပစ္စည်း အရောင်းဆိုင် ဖွင့်လှစ်ထားသည့် ဦးနေအေး (၄၂ နှစ်) နှင့် ဦးရဲထက်အောင် (၃၀ နှစ်) တို့ ၂ ဦးသည် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က အောင်ပန်းမြို့နေ ပြည်သူ ၆၂၁ ဦးအား ဘဏ်တွင် လက်မှတ်ထိုးပေးပါက တစ်ဦးလျှင် ငွေကျပ် ၁၅၀၀၀ ပေးမည် ဖြစ်ကြောင်း၊ ပြဿနာတစ်စုံ တစ်ရာ မရှိကြောင်းနှင့် အလုပ်လျှောက်လိုသူများကို Success More ကုမ္ပဏီတွင် အလုပ်သွင်းပေးမည်ဟု ယုံကြည်အောင်ပြောဆိုပြီး မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း မိတ္တူများ တောင်းယူကာ အောင်ပန်းမြို့ရှိ မြန်မာ့ရှေ့ဆောင်ဘဏ်တွင် အီလက်ထရောနစ်ပစ္စည်းများအား တစ်နှစ်သက်တမ်းအရစ်ကျဖြင့် ဝယ်ယူရောင်းချရန် ငွေကျပ် ၃၀၅၇ သိန်းကို လိမ်လည်ချေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ချေးငွေများအား ပြန်လည်ပေးဆပ်ခြင်း မရှိသဖြင့် ဘဏ်မှစုံစမ်းစဉ် ပြည်သူ ၆၂၁ ဦးအနက် ၁၉၂ ဦးမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံမှ ထောက်ခံစာများ ရယူပေးခဲ့သော်လည်း ၄၂၉ ဦးမှာ မည်သည့်ထောက်ခံချက်မှ ရယူ ပေးခဲ့ခြင်း မရှိကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည့်အတွက် လိမ်လည်သူ ၂ ဦးအား အောင်ပန်းနယ်မြေရဲစခန်းတွင် မတ်လ ၁၃ ရက်က အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်ပြီး လိမ်လည်မှု ကျူးလွန်သူများမှာ ဆို်ငပိတ်ပြီး မိသားစုလိုက် တိမ်းရှောင်နေကြောင်း သိရသည်။
.
အဆိုပါ လိမ်လည်မှုကျူးလွန်သူများအား အောင်ပန်းနယ်မြေရဲစခန်းမှ (ပ)၄၂/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၂၀/၄၆၈/၁၁၄ ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း အောင်ပန်းနယ်မြေ ရဲစခန်းမှူး ရဲအုပ်စိုးဝင်း ထံက သိရသည်။
.
အလားတူ အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်၊ ရွာသစ်ရပ်ကွက်၊ လက်မပင်ရပ်ကွက်၊ အမှတ် (၃) ရပ်ကွက်၊ မြို့ဟောင်းရပ်ကွက်နှင့် လှည်းရိုးရပ်ကွက်အုပ်ချုပ်ရေးမှူးများမှလည်း ထောက်ခံချက်အတု၊ လက်မှတ်အတု၊ တံဆိပ်တုံးအတု ပြုလုပ်မှုများဖြင့် ထပ်မံအမှုဖွင့်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)