ဆေးဘက်ဆိုင်ရာ ပစ္စည်းများနှင့် လိုအပ်သော ပစ္စည်းများကို ရှမ်းပြည်နယ်အစိုးရ စုဆောင်းထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဆေးဘက်ဆိုင်ရာ ပစ္စည်းများနှင့် လိုအပ်သော ပစ္စည်းများကို ရှမ်းပြည်နယ်အစိုးရ စုဆောင်းထား


စိုင်းရာဇာ
.
COVID-19 ကြောင့် ဖြစ်ပေါ်လာဖွယ်ရှိသည့် အခက်အခဲများအား ဖြေရှင်းနိုင်ရန်အတွက် လိုအပ်သည့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများနှင့် ရိက္ခာများကို စုဆောင်းထားပြီးဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
.
“ ရှမ်းပြည်နယ် အစိုးရအနေနဲ့ လိုအပ်တဲ့ ပစ္စည်းတွေ၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေကို စုဆောင်းထားပြီး ဖြစ်တယ်။ ရောဂါသာ ပြန့်ပွားလာမယ်ဆိုရင် နိုင်နိုင်နင်းနင်း ဆောင်ရွက်နိုင်အောင်လို့ အကုန် ပြင်ဆင်ထားပါတယ်။ စားနပ်ရိက္ခာအတွက်ရော ကုန်ဈေးနှုန်း မမြင့်အောင် စီစဉ်ထားတယ်၊ အခြေခံ လူတန်းစားတွေအတွက် အခမဲ့ ဝေငှနိုင်အောင်ဆိုတဲ့ စနစ်လည်း ရှိတယ်။ ဈေး လျော့ရောင်းတဲ့ စနစ်လည်း ရှိတယ်။ ရောဂါ ဖြစ်ပွားမှု အခြေအနေပေါ်မှာ မူတည်ပြီးတော့ အစိုးရကနေ ကူညီ ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ် ဟု ရှမ်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။ 
.

ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အချက်များကို လိုက်နာ ဆောင်ရွက်ရန်နှင့် ပူးပေါင်း ပါဝင်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မေတ္တာရပ်ခံ ထားသည်။
.
“ အဓိက ပြောချင်တာကတော့ ပြည်သူအားလုံး ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးဖို့ ပြောချင်ပါတယ်။ ထိုင်းဘက်က ပြန်လာတဲ့သူတွေ အားလုံး မိမိရဲ့ အသိစိတ်နဲ့ အစိုးရ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကို အကြောင်းကြားပြီးတော့ Facilities Quarantine အလုပ်ခံပါ။ အခြေအနေရ ထူးခြားတယ် ဆိုရင်၊ လက္ခဏာ ပြလာတယ်ဆိုရင် အကြောင်းကြားပြီးတော့ ပူးပေါင်းဆောင်ရွက်ပေးဖို့ ပြောချင်ပါတယ်။ အစိုးရ အနေနဲ့ရော၊ ဆရာဝန်တွေ အနေနဲ့ရော အားလုံး ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ ပူးပေါင်း ပါဝင်ဖို့ကတော့ အရမ်း အရေးကြီးတယ်။ မိမိကြောင့် အခြား သူတွေကို မထိခိုက်စေချင်ဘူး။ အသိစိတ်ဓါတ်နဲ့ ခွဲခြားဆက်ဆံတာ မဟုတ်ဘဲနဲ့ လက်တွဲပြီးတော့ အတူတကွ ပူးပေါင်းတိုက်ဖျက်မှသာ ရှမ်းပြည်နယ်မှာ ပြန့်ပွားမှု မရှိနိုင်မှာ ဖြစ်ပါတယ် ဟု ဝန်ကြီး ဦးစိုးညွန့်လွင်က ပြောသည်။
.
တောင်ကြီးမြို့တွင် COVID -19 ကြိုတင်ကာကွယ်သော အနေဖြင့် မတ်လ  ၃၀ ရက်က ပိုးသတ်ဆေး ပက်ဖျန်းခြင်း လုပ်ငန်းများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်းလည်း သိရသည်။ 
.
မြန်မာနိုင်ငံတွင် ယနေ့ (မတ်လ ၃၁ ရက်)ထိ COVID-19 အတည်ပြုလူနာ ၁၄ ဦး တွေ့ရှိထားပြီး ယင်းတို့အနက် လူနာအမှတ် (၅) မှာ လတ်တလော ပြင်းထန်အဆုတ်ရောင် ရောဂါနှင့် သွေးအဆိပ် တက်ခြင်း၊ COVID-19 နှင့် ပြင်းထန်နမိုးနီးယား ခံစားရခြင်းကြောင့် သေဆုံးခဲ့ရကြောင်း သိရသည်။
.

Journal Download

Photo of three cats