မြို့ဂုဏ်ရောင် ထွန်းပြောင်ပါပေ့ ခင်ဗျာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြို့ဂုဏ်ရောင် ထွန်းပြောင်ပါပေ့ ခင်ဗျာ

ဆဏ်းမောင်(ကွတ်ခိုင်)
.
ဟွန်း ကျုပ်တို့မြို့ကိုများ အညတရ အနုပ်စုတ် ကုတ်စုပ်လို့ ထင်နေလား။ ကျုပ်တို့ဒေသမှာ လုပ်ငန်းတစ်ခုအတွက် ရင်းနှီး မြုပ်နှံတဲ့ ငွေကြေးပမာဏက ဘီလျှံနှင့် ချီပြီး လုပ်ကိုင်ကြတာ။ အို ဘာအလုပ်တွေ လုပ်ကြလဲ မမေးပါနဲ့။ လူမှုကွန်ရက်မှာ မျက်နှာ အပ်သူတိုင်း သိတယ်။ ကျုပ်ကတော့ မပြောရဲပေါင် ကျောမွဲကောင်ပါလေ။
.
မြို့ဂုဏ်ပုဒ်ကို မတိမ်မြုပ်ရလေအောင် လုပ်ငန်းရှင်ကြီးတွေ က လက်လီလက်ကား ဖြန့်ချိထုတ်လုပ်ပြီး ကုန်ထုတ်စွမ်းအား နှင့် တစ်နှစ်ထက်တစ်နှစ် အရောင်အသွေး တင်နေကြသဗျ။ မြို့ဂုဏ်သတင်းကို ပြောရဦးမလား။ ကမ္ဘာကျော် ပြင်သစ်ရေမွှေး တောင် နွားမသေး ဖြစ်သွားစေလောက်အောင် မြို့သတင်းက မွှေးသဗျ။ မျက်နှာမြင် ချစ်ခင်၊ အသံကြား သနားဆိုတာထက် ကျုပ်တို့မြို့သားတွေက ဆုတောင်းပြည့်ဝစေသပေါ့။ ဟုတ် တယ်လေ။ ဘယ်အရပ်သွားသွား ကျုပ်တို့မြို့သားတွေကို အ ရေးတယူမေးမြန်းပြီး အရိပ်တကြည့်ကြည့် ချစ်တော်မူခံနေရ တာ ကုသိုလ်ကံ နည်းလားဗျာ။
.
ပြောရဦးမယ် အကြောင်းစပ်လို့ စောင်းခတ်တယ်လည်း မထင်စေချင်ပါဘူး။ မြေပြန့်ကို ခြေဆန့်တဲ့ တစ်နှစ်က အဖြစ်အ ပျက်လေး ပြောချင်တာ။ သိတော်မူကြတဲ့အတိုင်း ကျုပ်တို့မြို့ လေးက ကြားမြို့လေး ဆိုတော့ကာ ခရီးဝေးသွားရင် လမ်းခု လတ်ကြား တက်စီးကြရတယ်။ မြို့အထွက်မှာ နာမည်ကြီး ထ မင်းဆိုင်ကြီး ရှိတယ်။ အဲ့သည်ဆိုင်မှာပဲ ခရီးသည်တင် အတက် အဆင်း အတော်များများ ထမင်းစား ရပ်နားကြတယ်ဗျ။ လမ်း တင်ခရီးသည်အနေနှင့် အဲ့သည်ဆိုင်ကနေ ကျုပ်တို့မြို့သားတွေ စောင့်စီးကြလေ့ရှိတယ်။ မြို့ထဲက ဂိတ်တွေမှာလည်း လမ်း တက်ခရီးသည်အနေနှင့် စီးကြပါတယ်။ ကျုပ်ကတော့ ထမင်း ဆိုင်ကနေပဲ အဲ့သည်တုန်းက စောင့်ပြီးစီးခဲ့တာပေါ့။ မန်းမြို့ တော်က လှမ်းလို့ခေါ်တဲ့ မိတ်ဆွေကြောင့် အိတ်တွေနှင့် ကျုပ် ခရီးထွက်လာတယ် ဆိုပါတော့။
.
ခရီးသွားရင် ကားမူးတတ်တာကြောင့် ခရီးတစ်ခုထွက်ရ မယ့်အရေးဆို ကျုပ်အင်မတန် ဝန်လေးတာ။ ကျုပ်စီးနင်းလိုက် ပါလာတဲ့ ယာဉ်က သိန်းနီအကျော် ရေပူဂိတ်အရောက်မှာတော့ စစ်ဆေးခံဖို့အတွက်ရပ်တယ်။ တာဝန်ရှိ ပုဂ္ဂိုလ်တွေ ကားပေါ် တက်လာတယ်။ ဘာတွေညာတွေ ပါမပါ စစ်ဆေးဖို့က သူတို့အ လုပ်ကိုဗျ။ ကားစပယ်ရာက ကျုပ်တို့မြို့ အမည်နှင့် လမ်းတက် ခရီးသည်ပါကြောင်း ပြောတာ ကျုပ်အတိုင်းသား ကြားမိလိုက် တယ်။ ပြီးတော့ ဘယ်ခရီးသည်လည်းဆိုတာ မေးပုံရပါတယ်။ စပယ်ရာက ကျုပ်ကို မျက်စပစ်ပြီးပြတော့ ယူနီဖောင်းဝတ် ခပ် ဖိုင့်ဖိုင့် လူကြီးက ကွက်ကြည့်ကွက်ကြည့်နှင့် ကျုပ်ကို ကြည့်သ ဗျ။ ဟ ဒီလူဘာလဲဟပေါ့။
.
အဲသည်မှာပဲ ကားပေါ်ပါလာသူ ခရီးသည်တစ်ယောက်ချင်း စီကို ခုံနေရာအလိုက် စစ်လာတယ်။ ကျုပ်ထိုင်တဲ့ ခုံနေရာလည်း ရောက်ရော ဘယ်သွားမလဲလို့ မေးတယ်။ ပြီးတော့ ဘာတွေပါ သေးလဲမေးတယ်။ ကျုပ်ကလည်း အထုပ်တွေပါတယ် ပေါ့။ တို ပြတ်ပြတ် ခပ်ရှင်းရှင်း ပြောလိုက်တာ။ ဟုတ်တယ်လေ ခရီး သွားပါတယ်ဆိုမှ အထုပ်တွေ ပါရမပေါ့။ ကျုပ်လွယ်အိတ်နှင့် ခန္ဓာကိုယ်အနှံ့အပြားကို အသေအချာစစ်တယ်။ ကျန်တဲ့ခရီး သည်တွေကို ကျုပ်လောက် မစစ်ဘူးရယ်။ ရှေ့ကလူတွေ စစ်ခဲ့ တာကို ကျုပ်မြင်နေရတာပဲလေ။ ကျုပ်ပါလာတယ်ဆိုတဲ့ ခရီး ဆောင်အိတ်တွေကို ယာဉ််ရဲ့(Tool Box) ထဲကနေထုတ်ပြီး အသေအချာ စစ်နေတာကို ကားပေါ်က ကျုပ်မြင်နေရတယ်။
.
မကြာပါဘူး ကျုပ်စီးလိုက်ပါလာတဲ့ ယာဉ်လည်း ထွက်ခွာ လာခဲ့တယ်။ ကျောက်မဲမြို့ကို ရောက်လာပေပြီ မြို့အဝင်မုခ်ဦး မှာ ကျုပ်စီးလာတဲ့ယာဉ်ကို စစ်ဆေးရေးအဖွဲ့က တားပြန်ပြီ တစ် ခါ။ လူကမူးဝေနေပြီ။ ရေပူစစ်ဆေးရေးဂိတ် အလားတူပဲ ကား ပေါ်ကို တက်လာတယ်။ ခရီးသည်တွေက မစစ်ဆေးခင် စပယ် ရာကို တိုးတိုးမေးနေတာကို တွေ့ရတယ်။ သိသပေါ့။ လမ်း တက်ခရီးသည် မေးမယ်။ ဒါပဲထင်တယ်။ အလို သည်ပုဂ္ဂိုလ်က လည်း အမဲလိုက်မုဆိုးက သားကောင်ကို တွေ့လိုက်သလိုမျိုး ပစ်မှတ်ထားပြီး ကျုပ်ကိုကြည့်နေပါတော့လား။ ဒုတိယ ကျုပ်  ကို ရေပူဂိတ်ကအတိုင်း မေးမြန်းစစ်ကြောရှာဖွေပြန်တယ်။ (Tool Box) ထဲက ကျုပ်အထုပ်တွေကို ဖြေပြီးစိမ်ပြေနပြေ ရှာ ဖွေပြန်တယ်။
.
မကြာပါဘူး။ ကျောက်မဲမြို့လေးကနေ ကျုပ်စီးလိုက်ပါလာ တဲ့ ယာဉ်တွေလည်း ထွက်ခွာလာတယ်။ ဂုတ်တွင်းက အကွေ့ အကောက်များတော့ အလူးအလိမ့်ကားမူးဒဏ်ကို ကျုပ်ပိုပြီးခံ စားရတယ်။ လူလည်းယဲ့ယဲ့ပဲ ရှိတော့တာ။ ဟော နောင်ချိုမြို့အ ဝင် ရောက်တော့ လာပြန်ပါပြီ စစ်ဆေးရေးအဖွဲ့။ ကားအရပ်မှာ ပဲ `ကွတ်ခိုင်က လမ်းတက်ခရီးသည် ကျုပ်ပါတယ်ဗျို့` အဲ့ သည်လိုသာ ကျုပ်ကထအော်ပြစ်လိုက်ချင်တာ တကယ်ပြော တာ။ စပယ်ရာကို ရှေ့က မေးသလိုမျိုး မစစ်ဆေးခင်မှာ  လမ်း တက်ခရီးသည်မေးမယ်။ စပယ်ရာက ကျုပ်ကို အကြည့်နှင့်မေး ထိုးပြီး ညွှန်ပြမယ် ဒါပဲ။ မေးတယ် စစ်တယ်၊ ကျုပ်အထုပ်တွေ ကို ဖွပြီးရှာမယ်။ သည်လိုကြိုတွေးလို့ မမှားပါဘူး။ သည်အတိုင်း ပဲ ဖြစ်လာတာကိုး။
.
မကြာပါဘူး နောင်ချိုကနေ ကျုပ် စီးလိုက်ပါလာတဲ့ ယာဉ် လည်း ထွက်ခွာလာတယ်။ ကျုပ်လည်း နွမ်းဖတ်ခွေ ကျနေပြီ။ မျက်လုံးကို အသာမှိတ်ပြီး နေသာသလို လိုက်ပါလာတယ်။ မန္တလေးမြို့ဝင်တော့မယ်တဲ့။ ကျုပ်ဘေးခုံက ခရီးသည်တစ် ယောက်က သူတို့ချင်းပြောနေသံကို နားစွင့်မိတယ်။ ကားက တုံ့ခနဲရပ်သွားတယ်။ မန္တလေးမြို့ဝင် ၁၆ မိုင်စစ်ဆေးရေးဂိတ် ရောက်ပြီလေ။ စစ်ဆေးမယ့် ပုဂ္ဂိုလ်တွေ တက်လာတယ်။ သည် တစ်ခါတော့ ကျုပ်စိတ်မရှည်တော့ဘူး။ လာစစ်ချင်လည်း လာ ပစေတော့။ မျက်လုံးပိတ်ပြီး အိပ်ချင်ယောင် ဆောင်နေလိုက် တော့တာ။
.
" ညီလေး ညီလေး ထပါဦး။ အစ်ကိုတို့ တာဝန်အရ စစ်စရာ ရှိလို့" ဗုဒ္ဓေါ သည်တစ်ခါတော့ ကျုပ်ကို အမိအရ ပေါင်ကိုပုတ် ပြီး နှိုးပြောတာဗျ။ ကျုပ်လည်း မတ်တပ်ထ ရပ်ပေးလိုက်တယ်။ ရှေ့က စစ်ဆေးလာတဲ့ နောင်တော်တွေထက် သည်တစ်ခါ ထူး ခြားတယ် ဆိုရမှာပဲ။ ကျုပ်ကို ခေါင်းအစ၊ ခြေအဆုံး အကဲခတ် တယ်။ မေးမြန်းရှာဖွေတယ်။ အဲ ခေါင်းအစ ခြေအဆုံး ဆိုလို့ ပြောရဦးမယ်။ တကယ်ဆိုရင် ကျုပ်ကလည်း ကျုပ်ပါပဲဗျာ။ ခရီး ထွက်ပါတယ်ဆို သပ်သပ်ရပ်ရပ် ဝတ်စားလာသင့်တာပါ။ ဆံ ပင်က ဂုတ်ထောက်ဖုတ်သိုက်။ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးက ဗရဗွ။ ပြောက်ကျားအနွေးထည်က အပေါ်ကဝတ်ထား အို ဘာ ပြောကောင်းမလဲ။ ပြောကောင်းစရာ တစ်ကွက်မှမရှိတော့တာ။ ရုပ်ရှင်တွေထဲက ယာကူဇာ၊ မာဖီးယား ဂိုဏ်းသားလိုလို သဏ္ဍာန်သရုပ်က မြို့ဂုဏ်ပုဒ်နှင့် နင်လားငါလားကို ဖြစ်နေတာ။
.
" ညီလေး မှတ်ပုံတင် ပြပါဦး" တော်သေးတယ် ခရီးထွက် ရင် မှတ်ပုံတင်က ဒုတိယအသက်ဆိုတာ ခင်ဗျားတို့ မမေ့ကြနဲ့ ဦးဗျ။ ဟုတ်တယ်လေ။ သက်ရှိကိုယ်ထင် ရှေ့မှာရောက်နေတာ တောင် ဒါမပါရင် ဘာပဲဖြစ်ဖြစ် ရှင်သန်ခြင်းက အဆင်မပြေတော့ ဘူး။ သိပ်ပါသပေါ့ဗျာ။ ရော့သည်မှာ ကျုပ်မှတ်ပုံတင်ကတ်။
.


.
"အောက်ကို ခဏ လိုက်ခဲ့ပါဦး ညီလေး" ကျုပ်မှတ်ပုံတင် ကတ်ကို ကြည့်ပြီး စစ်ဆေးသူပုဂ္ဂိုလ်က ပြောပါတယ်။ အတူ လိုက်ပါလာတဲ့ ခရီးသည်တွေ အားလုံးရဲ့ မျက်လုံးအဝိုင်းသား တွေ ကျုပ်ဆီ ပုံကျလာတယ်။ ဟိုဒင်း၊ ဟိုဟာတွေများ ပါလားလို့ ပေါ့။ ကျုပ်လည်း ကားပေါ်က လိုက်ပါဆင်းရတယ်။ (Tool Box) ထဲက ကျုပ်ပစ္စည်းတွေကို ပြခိုင်းတယ်။ ကားပေါ်မှာ စစ်ဆေးရှာ ဖွေတာထက် ကားအောက်မှာ ကျုပ်ကို ဂရုတစိုက် ရှာဖွေစစ် ကြတယ်။
.

ဟာ သွားပါပြီဗျာ ကျုပ်အထုပ်တွေ။ ဒေသထွက်ပစ္စည်းတွေ ကျုပ်သယ်ယူလာခဲ့တာဗျ။ အွန်း သည်လိုပြောလိုက်လိို့လည်း ခင်ဗျားတို့ဘာသာ ခင်ဗျားတို့ အတွေးအခေါ်က ဘေးချော်မသွား နှင့်ဦး။ ဒေသထွက်ဆိုတာနှင့် ခင်ဗျားတို့ ဘာတွေကို ပြေးမြင် ချင်ကြတုန်း။ ကျုပ်တို့ဒေသက ချဉ်စော်ကားသီးထွက်ပါတယ် ဗျ။ ချဉ်စော်ကားဝိုင်၊ ဖျော်ရည်၊ ချဉ်စော်ကားယို၊ ချဉ်စော်ကား ခြောက် အဲ့ဒါတွေကိုပြောတာ။ ချဉ်စော်ကားသီးခြောက်ထုပ် တွေလည်း အိတ်တွေကပေါက်ပြီး ခရီးဆောင်အိတ်ထဲမှာ မွစာ ကျဲနေတာရယ်။ တစ်လျှောက်လုံး စစ်ဆေးမွှေနှောက်ရှာဖွေလာ ကြတာကိုးဗျ။
.
`စိတ်မရှိပါနဲ့ ညီလေး အစ််ကိုတို့က တာဝန်အရ ရှာဖွေရ တာပါ။ ကားပေါ်ပြန်တက်လို့ ရပါပြီ ညီလေး` တာဝန်ရှိပုဂ္ဂိုလ်က ကျုပ်ကို အဲသည်လို ပြောပါတယ်။ ကျုပ်စဉ်းစားမရဘူး ဖြစ်နေ တာ။ ကျုပ်မှတ်ပုံတင်ကတ်ကို ပေးပြလိုက်တဲ့အချိန်၊ သူက မှတ်ပုံတင်ထဲက ဘာကိုကြည့်ပြီး အထူး၊ စပယ်ရှယ်၊ သီးသန့် ခေါ်ထုတ်ပါလိမ့်။ မြို့ဂုဏ်ရောင်က မြို့သားတွေလာဟပ် လောက်အောင် ထွန်းပြောင်တာတော့ သေချာပါတယ်။
.
ဖြစ်ရလေ ကျုပ်မှတ်ပုံတင်ကတ် ပြလိုက်ကာမှ ကားပေါ်က ဆင်းရတယ်လို့။

Journal Download

Photo of three cats