မိုင်းတုံတွင် တပ်မတော်နှင့် RCSS တို့ တိုက်ပွဲဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းတုံတွင် တပ်မတော်နှင့် RCSS တို့ တိုက်ပွဲဖြစ်ပွား

မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်တွင် မတ်လ ၂၅ ရက်က တပ်မတော်တပ်ရင်းအချို့နှင့် RCSS လက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မိုင်းတုံအခြေစိုက် RCSS ဆက်ဆံရေးရုံးမှ သိရှိရသည်။
.
“အသေးစိတ်ကို တောင်ကြီးရုံးက ဒုဗိုလ်မှူးကြီးစိုင်းအုမ်ခေးကို မေးကြည့်ပါ။ ကျွန်တော် မလာခင် ၂ ရက်လောက်က သွားတဲ့ တပ်မတော်လှုပ်ရှားစစ်ကြောင်းက စခန်းတိုက်တာလို့သိရတယ်” ဟု မိုင်းတုံRCSS ဆက်ဆံရေးမှူး ဒုဗိုလ်မှူးကြီး စိုင်းကောင်း က ပြောသည်။
.


.
Tai Ferrdom သတင်းဌာန၏ သတင်းဖော်ပြချက်တွင် မတ်လ၂၅ ရက် ၊ နံနက် ၈ နာရီ ၂၀ မိနစ်ခန့်တွင် မိုင်းတုံအခြေပြု တပ်ရင်း ၃ ရင်း အင်အား ၄၀ ခန့်မှ မိုင်းတုံမြို့နယ်၊ ဖာချယ်ကျေးရွာအုပ်စု၊ ဖာချယ်ကျေးရွာမှ တဆင့် မိုင်းအစ်ကျေးရွာအနီးရှိ RCSS တပ်စခန်းအား ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မိုင်းအစ်ကျေးရွာအနီး ဟိုနမ့်တောင်ကုန်းတွင် မိနစ် ၃ဝခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။
.

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက် မှ မတ်လ ၃ ရက်အထိ တပ်မတော်နှင့်RCSS တို့ မိုင်းကိုင်၊ ကျေးသီးမြို့နယ်များတွင် တိုက်ပွဲများဖြစ်ပွားခဲ့ရာ လွယ်တောင်းတောင်ကြောတစ်လျှေက်မှ RCSS တပ်ဖွဲ့များ ဆုတ်ခွာပေးခဲ့ရပြီး ယင်းတိုက်ပွဲကြောင့် ဒေသခံလူထု ရာနှင့်ချီ ကာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
.
လက်ရှိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် အနီးဝန်းကျင်မှ တိုက်ပွဲရှောင်ပြည်သူများ မရှိသေးကြောင်း သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းထံ ဆက်သွယ် ‌မေးမြန်းရာတွင် တယ်လီဖုန်း လက်ခံဖြေကြားခဲ့ခြင်း မရှိချေ။
.

Journal Download

Photo of three cats