အိပ်မက်ဆိုးများမှ လွတ်မြောက်ရပါလို၏ - Kanbawza Tai News

Breaking

Boxed(True/False)

Friday, March 13, 2020

အိပ်မက်ဆိုးများမှ လွတ်မြောက်ရပါလို၏

မင်းဇော်မင်း
.
ပုံစံ ဆိုသည့် အော်သံကြီးကို ကြားယောင်ရင်း ဇောချွေးများ နှင့် အလန့်တကြား လန့်နိုးလာရတဲ့ ညများက များစွာ...
.
မဝေးလှသေးတဲ့ စစ်အာဏာရှင်ခေတ် မန္တလေးနန်းတွင်း ထောင်မှသည် အိုးဘိုသချုင်းကုန်း အကျဉ်းထောင်အထိ နှစ် ကာလများစွာ လိုက်ပါလာနေသည့် ငှက်ဆိုးထိုးသံ။
.
၁၉၉၁ မှ ၁၉၉၉ အထိ နိုင်ငံရေး ပုဒ်မများနှင့် အနှိပ်စက်အ ညှင်းပန်းခံဘဝ နေခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား ဘဝက လွတ်မြောက်ပြီး ယခု ၂၀၂၀ ပြည့်နှစ်အထိ အိပ်မက်များတွင် လိုက်ပါ ခြောက်လှန့်နေဆဲ -
.
အိပ်မက်များတွင် ထောင်က လွတ်မြောက်သည်ဟု မမက်၊ ထောင်တံခါးဘူးဝ ရောက်ခါမှ သော့ပျောက်နေခြင်း၊ ပြန်ခေါ်ခံရ ခြင်း စသည်များဖြင့်သာ ဇောချွေးများဖြင့် လန့်နိုးရတတ်မြဲ။ ထောင်တွင်းတုန်းကမူ အိပ်၍ မပျော်သော ညတစ်ည သံသရာ အလယ် သီချင်းစာသားအတိုင်းပင် ခံစားခဲ့ရသည်။
.
ပုံစံဆိုသည်မှာ အသံကွဲကြီးများဖြင့် ထောင်ပိုင်၊ ထောင်မှူး များလာလျှင် အော်ရသည့် သတိအနေထားဖြစ်သည်။ ထောင် ပုံစံတွင် ပုံစံကြီးနှင့် ပုံစံဆိုပြီးရှိရာ ပုံစံကြီးမှာ နှိပ်စက်ရာတွင် သုံးသည့်ပုံစံဖြစ်ပြီး ရိုးရိုးပုံစံမှာမူ တင်ပလ္လင်ခွေထိုင်ကာခေါင်း ကိုငုံ့ထားရသည့် ထိုင်ပုံစံနှင့် ခြေနှစ်ဖက်ပူး၍ ရှေ့လက်နှစ်ဖက် ပူးကာ ချထားသည့် ရပ်ပုံစံတို့ဖြစ်သည်။ ပုံစံအသံကြားရလျှင် အန္တရာယ်၏ အသံဖြစ်သဖြင့် အိပ်မက်ထဲအထိပင် ခြောက်လှန့် နေသည်အထိ ခံစားနေရခြင်း ဖြစ်သည်။
.
တစ်ရက်က ရှမ်းပြည်နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့တွင် ပါဝင်သည့် ငတ်အတူ၊ ဆင်းရဲအတူ နေခဲ့ရသည့် ရဲ ဘော်များနှင့် ဆုံမိရင်း အိပ်မက်များတွင် ထောင်မှ မလွတ်သေး သည့် အကြောင်းများကို ပြောမိကြရင်း မလွမ်းသော်လည်း မ မေ့ဖျောက်နိုင်သေးသည့် ဘဝငရဲများအကြောင်းကို ပြောမိကြ ခြင်းပင်-အဓိက ဤဆောင်းပါးကို ရေးရခြင်းမှာ ခေတ်စနစ်ဆိုး တစ်ခု၏ ခြေရာလက်ရာများကို နှောင်းလူများ သိရှိစေရန်သာ ရည်ရွယ်ပါသည်။ မည်သူ့ကိုမျှ မဖန်တီးစေလို မကြုံကြိုက်စေ လိုပါ။
.
အဆိုပါအချိန်က နန်းတွင်းနှင့် အိုးဘိုထောင်များတွင် ယ ခုလို ထောင်ဝတ်စုံများမှာ အပြာရောင်များ မဟုတ်၊ အဖြူရောင် များသာ ပေးသည်။ နိုင်ငံရေးအကျဉ်းသားများ အနေဖြင့် နန်း တွင်း တွဲဖက်ဆောင်တွင် နေကြရသည်။ တွဲဖက်ဆောင်၏ အခင်းအကျင်းကို ဖော်ပြရလျှင် ၁ ဆောင်၊ ၂ဆောင်၊ ၃ ဆောင်၊ ၁ တိုက်နှင့် ၄ ဆောင်များမှာ အပြင်မှ ကြည့်လျှင် ဝဲဘက်ခြမ်း၊ ယင်းကို ထောင်မှူးတစ်ဦးက အုပ်ချုပ်သည်။ ယာဘက်ခြမ်း တွင်  ၂ တိုက်၊ ၅ ဆောင် နှင့် အုန်းပင်ဆောင်ခေါ် ရေကန် ဆောင်ကို ထောင်မှူးတစ်ဦးက အုပ်ချုပ်သည်။ ထောင်မှူးကြီး တစ်ဦးက အားလုံးကို အုပ်ချုပ်သည်။ အမည်အချို့ကို မ မှတ်မိတော့ ထောင်မှူးကြီး အမည်မှာ ထောက်လှမ်းရေးမှ အ ရာခံဗိုလ်ဖြင့် ပြောင်းလာသည့် ဦးချစ်နှင့် ထောင်မှူး ဦးအောင် သန်း၊ မြင့်အောင်တို့ကိုတော့ မှတ်မိနေသေးသည်။
.
ယင်းခေတ်က စစ်အာဏာရှင်များ၏ ဖိနှိပ်မှုအရ မန္တလေး မစိုးရိမ်တိုက်ဟောင်းမှ ဆရာတော်ကြီး ဦးကောဝိဒ္ဒ(နိုင်ငံခြား တွင် ပျံလွန်တော်မူ)နှင့် တိုက်သစ်မှ ဦးရာဇဓမ္မ (မန္တလေးတွင် ပျံလွန်တော်မူ)တို့ကို  ၁ တိုက်တွင် ဖူးခဲ့ရဖူးသည်။ ကမ္ဘာပြား ကျော်ဝင်းလို စာရေးဆရာများ၊ ယခု လွတ်လပ်သော ရှေ့နေများ အသင်း အတွင်းရေးမှူး ဦးသိန်းသန်းဦးနှင့် ၄င်း၏ ညီဝမ်းကွဲ ယခုမန္တလေးတိုင်း ခေတ္တဝန်ကြီးချုပ် ကိုဇာနည်အောင်တို့လို အခြား နိ်ုင်ငံရေး ဝါရင့်ကျွန်းပြန်ကြီးများတို့နှင့် ဆုံခဲ့ရသည်။
.
အထူးခြားဆုံးမှာ မိမိထက်လည်း အရင်ထောင်ရောက်ပြီး မိမိလွတ်ပြီးနောက် ၁၀ နှစ်ကျော်ကြာမှ လွတ်မြောက်ခဲ့ရသည့် ထောင်သက် ၂၃ နှစ်ကျော် ကြာမြင့်ခဲ့ရသည့် မြင်းခြံသပိတ်မှ ဆရာတော် ဦးသုန္ဒရဘိဝံသ (ဘိုးသုန်)ပင်။ ထောင်တွင်း ဖြတ် သန်းမှုတွင် စိတ်ဓာတ်အခိုင်မာဆုံး ဖြတ်သန်းနိုင်ခဲ့သည့် အာ ဇာနည် ဆရာတော်တစ်ပါး ဖြစ်ပေသည်။
.
အဆိုပါအချိန်က ထောင်ထဲတွင် စားရသည်မှာ ဝက်ခေါင်း ခါ/ခွေးငိုဟု အမည်တပ် ခေါ်ရသည့် ဟင်းရည်ပြုတ်နှင့် သဲရော ငါးပိ၊ ရေနှင့် ကျင်း စားခဲ့ရသည့် သဲရောထမင်းတို့နှင့် ယင်း ထောင်တွင်း ငရဲဘုံကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့ခြင်းမှာ အံ့ဖွယ် ပင်။ ဆရာတော်၏ ဝါသနာမှာ ချဲတွက်ခြင်းပင်၊ မီးသွေးခဲ သို့ မဟုတ် တုပ်တစ်ချောင်းနှင့် မြေပြင်တွင် ချဲတွက်နေခြင်းက တစ်နေကုန်ပင်ဖြစ်သည်။ ညတွင်တော့ တောင်ကြီးမှ ကျ လာသည့် ဝဲကျော် ခေါ် သန်းနိုင်၏ မပြီးဆုံးနိုင်တော့သော သိုင်း ဇာတ်လမ်းတွဲများတွင် စီးမျောရင်း မိမိပြောသည့် နိုင်ငံ ခြား ဘာသာပြန် ဝတ္တုများကို နားထောင်ရင်း ထောင်တွင်း ဖြတ်သန်းခဲ့ခြင်းပင်။
.


.
ဝဲကျော်ခေါ် သန်းနိုင်မှာ တံတွေးစင်သမျှ အာဘောင်အာ ရင်း သန်လှသည်။ လက်ဟန်ခြေဟန်နှင့် သိုင်းဇာတ်လမ်းများ ကိုပြောသည်မှာ တန်းပိတ် ထမင်းစားပြီးချိန်မှ လိုင်းဒေါင်း ခေါ် အိပ်ချိန် ပေးသည့်အထိပင်။ အခြားသန်ရာသန်ရာ ကွန်မြူနစ် (C) အုပ်စုနှင့် ဒီမိုကရေစီ(D) အုပ်စု၊ အခြား အုပ်စုများလည်း သန်ရာသန်ရာ အရင်းကျမ်းများ၊ စာပေရေးရာများ ၊ ဗေဒင်လက္ခ ဏာများ၊ အင်္ဂလိပ်စာများကို အသီးသီး ဆွေးနွေးကျက်မှတ်နေ ကြခြင်းဖြင့် ငရဲဘုံရဲ့ တစ်ညတာကို ဖြတ်ကျော်ခဲ့ကြရသည်။
.

မိမိအနေဖြင့် ပြောရလျှင်မူ  ထောင်တွင်း ဖြတ်သန်းမှု အမှတ် တရများ၌ အရင်ဆုံး ကြုံခဲ့ရသည်မှာ ဗိုက်ခွဲရခြင်းပင် ၁၉၉၁ ခု အောက်တိုဘာလ၏ ရက် တစ်ရက်တွင် တစ်ညလုံး နာသည့် ဗိုက် မနက် အစောပိုင်းတွင်တော့ ကျက်ထားသည့် ဗုံတစ်လုံး ၏ စည်မျက်နှာပြင်လို တင်းမာကာ အထိ မခံနိုင်တော့သဖြင့် အဆောင်တွင်း အတူနေသူများမှ ရေက အစ မတိုက်တော့ဘဲ တာဝန်ကျ ထောင်မှူးကို သတင်းပို့ခဲ့သည်။ ယင်းမှ မွန်းလွဲပိုင်း တွင် ထောင်ဆရာဝန် လာရောက်ကြည့်ကာ  ထောင်ဆေးရုံသို့ ပို့ခဲ့ရာတွင် လမ်းမလျှောက်နိုင်တော့သဖြင့် လူတွဲဖြင့် ဆေးရုံ ရောက်ခဲ့ရသည်။
.
ယင်းမှ အချို့သော ကုသမှုများဖြင့် ထောင်တွင်းဆေးရုံတွင် ကုသနေရာမှ ညနေ ၆ နာရီခန့်တွင်မှ အပြင်မန္တလေးဆေးရုံကြီး သို့ ကားဖြင့် ပို့ဆောင်တော့သည်။ ယင်းသို့ ကြန့်ကြာနေမှု မှာ မိမိအား အပြင်ဆေးရုံ၌ ကုသနိုင်ရန် ပြည်ထဲရေးမှ အမိန့် မရသဖြင့် ကြန့်ကြာနေရခြင်းဖြစ်ပြီး ထောင်ဆရာဝန်က လူနာ သေလျှင် မိမိတွင် တာဝန်မရှိဟု ထပ်တွန့်တက်မှ၊ ထောက် လှမ်းရေးက ခွင့်ပြုသဖြင့် ပြည်ထဲရေးမှ နောက်ဆုံး ခွင့်ပြုခဲ့ခြင်း ဖြစ်သည်ဟု ပြန်သိခဲ့ရသည်။
.
ဆေးရုံရောက်ပြီး စမ်းသပ်ချက်များအရ ခွဲစိတ်ရမည်ဖြစ် သဖြင့် ခြေထောက်တွင် ခတ်ထားသည့် ခြေကျင်းဖြုတ်ရန် ဆေး ရုံက ပြောသည်ကို ခြေကျင်းမဖြုတ်နိုင်ဟု တာဝန်ကျလုံခြုံရေး များက ဆိုကြသဖြင့် မဖြုတ်လျှင် မည်သို့မျှခွဲစိတ်ရန် မဖြစ်နိုင် ဟုဆေးရုံမှ ငြင်းမှ ခြေကျင်းဖြုတ်ပေးကြသည်။ ယင်းမှ ည ၉ နာရီမှ ခွဲရာ ၁၁ နာရီ ထိုးကာနီး ၁၅ မိနစ်အလိုမှ ပြီးသည်။ ခွဲ စိတ်စဉ် ထုံဆေးပြယ်သဖြင့် ပြင်းထန်စွာ အောင့်ပြီး ပြောပြသ ဖြင့် မေ့ဆေးဖြင့် ဆက်လက်ခွဲစိတ်ရသည်ကို မှတ်မိခဲ့သည်။
.
ရောဂါကိ်ု ခွဲစိတ်ရှာဖွေရာတွင် သည်းခြေကျောက်တည်ရာ မှ အစာအိမ်ထိသဖြင့် သည်းခြေကျောက်ကို ခွဲထုတ်ရခြင်းဖြစ် ရာချက်မှသည် ရင်ညွန့်အထိ ခွဲစိတ်ရခြင်း ဖြစ်သည်။ တိုတို ပြောရလျှင် ခွဲစိတ်ပြီးပြီးချင်း ဆေးရုံတွင် မထားဘဲ ထောင်ဆေး ရုံသို့ ပြန်ခေါ်ရန် ထောက်လှမ်းရေးမှ ကြိုးပမ်းသော်လည်း ဆေးရုံ မှ ခွင့်မပြုသဖြင့် တစ်ပတ်နေခဲ့ရပြီးမှ ထောင်ဆေးရုံသို့ ပြန်ဝင်ခဲ့ ရကာ ခွဲစိတ်ဒဏ်ရာကို ဆေးထည့်ပြီး မိမိဘာသာ အပြင်ချုပ်ရိုး များ ဖြေခဲ့ရသည်။ အတွင်းချုပ်ရိ်ုးများကမူ နောက်ပိုင်း အနာ ပြည်တည်ပြီးမှ တစ်ခုချင်း ဆွဲထုတ်ခဲ့ရခြင်းဖြစ်သည်။ ဤသည် မှာ စစ်အာဏာရှင်ခေတ် ထောင်တွင်း နိုင်ငံရေးအကျဉ်းသား တစ်ဦး၏ ခွဲစိတ်ကုသမှု ခံယူရမှု၏ အခြေအနေမှန်ပင်တည်း။
.
အဆောင်နေသူများအဖို့မူ ဖျားနာရာတွင် နည်းလမ်းအမျိုး မျိုးဖြင့် ရရှိထားပြီး တလာစီ(ထောင်မှ ခွင့်မပြုသည့် အန္တရာယ်ရှိ ပစ္စည်းများရှာဖွေခြင်း)ရာတွင် ပါမသွားစေရန် မြေကြီးထဲ မြုပ် ထားရသည့် ပါရာစီတမော့လို အရောင်မှာ ဝါနေပြီး ထိလျှင် အ မှုန့် ဖြစ်နေသည့် ဆေးဝါးများကို မှီခိုခဲ့ရသည်။ မရှိသည်ထက် ရှိသည်က ရောဂါကို အနည်းငယ် သက်သာစေသည်ဟု ယုံ ကြည်ချက်ကို မှတ်ထင်မိသည်။
.
ဝမ်းကိုက်/ဝမ်းလျှော အနည်းငယ်ဖြစ်လျှင် လုံလောက် သည့် ဆေးဝါး ရရှိရန် အဆောင်တစ်ဝက်ခန့် ဆေးခန်းလိုက်ပြီး ဆေးစုပြီး ခံစားနေရသူကို အချင်းချင်း ကုသရမှုကလည်း မမေ့ နိုင်စရာ ၊ ထောင်ဆေးမှူးက မယုံမကြည် မေးမြန်းစစ်ဆေးသော် လည်း မပေါ်ခဲ့သည်မှာ ပျော်စရာ တစ်ခုလို။
.
ထောင်တွင်း အစားအစာများ ရှားပါးမှုကြောင့် အဆောင် တွင်း အလှဖော်ပန်းပင် အညိုရောင်များကို တစ်ယောက်က စား ကြည့်ကာ ဘာအရသာမှ မရှိသော်လည်း မသေနိုင်ဟု စမ်းသပ် ပြီး တစ်ဆောင်လုံး ဗိုက်ပြည့်ဖို့သာ အဓိက ရရာဖြင့် သုပ်စား ကြသဖြင့် အပင်၏ အရိုးများသာ ကျန်သည်မှာ  ထောင်ပိုင် လာ စစ်ချိန်တွင် အဆဲခံရသည့် အဖြစ်အပျက်ကလည်း အမှတ်တ ရ တစ်ခုပင်။
.
နောက် အမှတ်ရစရာ တစ်ခုမှာ အိုးဘိုထောင် ၂ ဆောင် တွင် တောင်ယာမှ ဗူးသီး ပျောက်သည့် ကိစ္စအတွက် ပါတီ တစ်ခု၏ နာယကဖြစ်သူ ဦးခင်ဆွေနှင့် တောင်ကြီးမှ ဘယ် ကျော်ခေါ် မြင့်ဌေး ဖားခုံ ခုန်ခဲ့ရခြင်းပင်၊ ၄င်းတို့က အဆောင် အတွက် အနစ်နာခံခဲ့ခြင်းဟု မှတ်မိခဲ့သည်။
.
ယခု ရှမ်းပြည်နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဆရာကြီး သန်းနိုင်ခေါ် ဝဲကျော်(နမ့်ခုံးမီဒီယာ)မှာ ယားနာများ ပေါက်သည်ကို ဆေးမထိုးရသဖြင့် ထောင်ပိုင်လာစစ်စဉ် တင် ပြမှုကို အဆောင်ကျထောင်မှူးက သူ့ကို ကျော်လွန်တင်ပြသည် ဟုဆိုကာ ဆဲသည်တွင် ပြောသမျှဟုတ်ကဲ့ လိုက်ရာမှ `င့ါမျက် နှာ ဓားနဲ့ လှီးသလိုပဲ" ဟု ဆူသည်ကို ဟုတ်ကဲ့ဟု ပြန်ပြောမိသ ဖြင့်  အသည်းအသန် အခြေအနေမှ ငိုအားထက်ရယ်အား သန် ဖြစ်ခဲ့ရသည်မှာလည်း ပြန်ပြောလျှင် ရယ်မောစရာ။
.
ယခု ရှမ်းပြည်နယ်လွှွတ်တော်တွင် တိုင်ကြားစာများ စိစစ် ရေးကော်မတီ၏ ဥက္ကဌဖြစ်သူ မိုးနဲပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဦးစိုင်းမျိုးမြင့်၏ အလွန်ပူသည့် မန္တလေးတွင် တစ်လ မှတစ်ခါသာ ရေချိုးနိုင်သည့် ကျန်းမာရေး အခြေအနေကိုလည်း ယခုချိန်ထိ အမှတ်ရဆဲ။ ဆရာတော် ဘိုးသုန်ကတော့ ရေချိုး ပျင်းသဖြင့် တစ်လတစ်ခါသာ ချိုးသည်။ သူ့ လက်သုံး စကားမှာ ရေချိုးသည်ဆိုသည်မှာ ညစ်ပတ်၍ ဖြစ်သည်၊ သန့်ရှင်းပြီးသား သူက ရေချိုးစရာ မလို၊ ပိုပြီး ညစ်ပတ်သူက ဆပ်ပြာတိုက်ပြီး ပို၍ ပို၍ ညစ်ပတ်သူများသာ ရေအကြာကြီးချိုး၍ ဆပ်ပြာ အ ကြာကြီး တိုက်သည် ဟူသတဲ့။
.
ဝဲဆို၍ မိမိတွင်လည်း တစ်ကိုယ်လုံး ဝဲစွဲခဲ့ရစဉ် ဆေးအ ချောင်း ၄၀ ခန့်ထိုးရာမှ တင်ပါးတွင် ပြည်တည်နာ ဖြစ်ရာမှ တင်ပါးနှစ်ဖက်လုံး ခွဲစိတ်ခံရသဖြင့် ပြည်မှာ နို့ဆီဘူး တစ်ဝက် ခန့်ရှိပြီး ထိုင်ထ မရဖြင့် တစ်လခန့် ဒုက္ခရောက်ခဲ့ရသည်မှာ ယခုပြင်ပ ဘဝတွင် ဆေးထိုးရာ၌ ယင်းအနာရွတ်များ ထိပါက အရမ်း နာကျင်ရသဖြင့် ရှောင်၍ ထိုးနှံပေးကြရန် ဆေးထိုးသည့် ဆရာမများကို ပြောပြရသည်မှာလည်း အမောပင်။
.
အဆိုပါ ဝဲပိုးမှာ ခိုးသွင်းထားသည့် အပ်ဖြင့်ကော်၍ လက် သည်းပေါ် တင် ကြည့်ပါက သွားနေသည်ကို မျက်မြင်တွေ့ရပြီး တစ်ဦးနှင့် တစ်ဦး ဖင်လှန်ကာ ဝဲပိုးသွားရာ လမ်းကြောင်း အ ဖြူကြောင်းများအတွင်း အသားကို ကော်၍ ဖမ်းဆီးမိပါက ဝဲ အနာများ သိသိသာသာ ပျောက်ကင်းစေခဲ့သည်ကလည်း ထူး ခြားချက်ပင်။
.
မန်းထောင်တွင် ရှိစဉ်က ကြင်နာသည့် အချို့သော ထောင် ဝန်ထမ်းများက အန္တရာယ် မဖြစ်စေသည့် လိုအပ်သော အသုံး အဆောင် အပ်မှ အစ စာအုပ်များအထိ ခိုးသွင်းခဲ့ပေးကြသည်။ ထောက်လှမ်းရေးမှ သိသော်လည်း အန္တရာယ်မဖြစ်စေသည်များ ဖြစ်သည့် အတွက် မသိချင်ယောင်ဆောင်မှုများ ရှိခဲ့သည်ဟု မှတ်ထင်မိသည်။
.
မိမိိကိုယ်တိုင် ဘဝကို ဆန်းစစ်လိုသဖြင့် ဟိန္ဒူနက္ခတ်ဗေ ဒင်အဟောကြမ်းစာအုပ်ကို သွင်းခဲ့ဖူးသလို အခြားသူများ အ များဆုံး သွင်းကြသည်မှာ ဒစ်ရှင်နရီ၊ တရားစာအုပ်များ၊Times၊ News Week စသည်များမှာ အများဆုံးဟု ယူဆပါသည်။ ဒစ် ရှင်နရီကို တစ်ရွက်ချင်းဖြဲကာ Potion အလိုက် အလွတ်ကျက် ခဲ့ဘူးသည်။ Times ၊ News Week များကို ဘာသာပြန် လေ့ ကျင့်ခန်းလုပ်ခဲ့ကြသည်က ဘဝအား တန်ဖိုးရှိစေခဲ့သည်မှာ ဧ ကန်ပင်။ ICRC လိ်ု အဖွဲ့မျိုးလာသည်တွင် ထောင်ပိုင်ထောင် မှူး၊ ထလရများ မသိစေရန် အင်္ဂလိပ်လို တင်ပြနိုင်စွမ်းက နိုင် ငံရေး အကျဉ်းသားများ၏ လက်နက်တစ်ခုပင်။ အခြားထောင် တွင်း စပိုင်များ မသိစေရန် တစ်ခါတစ်ရံ အရေးကြီးကိစ္စမျိုးကို အင်္ဂလိပ်လို ပြောကြသည်ပင်၊ မှတ်မှတ်ရရ စာအသွင်းအထုတ် လုပ်ရာတွင် ဒေါ်စုထံသို့ ပေးပို့စာများ၊ အစားသောက်များကို အဓိကကူညီခဲ့သူမန္တလေးမှ ရဲရဲတောက် NLD ဒေါ်ဝင်းဝင်းမြ ကို ယခုအချိန်ထိ အမှတ်ရ ကျေးဇူးတင်နေဆဲဖြစ်ကြောင်းပါ။ ၄င်းပေးပို့ခဲ့သည်များက ထောင်တွင်းဘဝများအတွက် အိုအေ စစ် အခြေအနေများကို ဖန်တီးနိုင်စွမ်း ရှိခဲ့သည်။
.
ထောင်ဝင်စာ အလာစိတ်သူနှင့် အလာကျဲသူများကို စား အိုးတွဲထားပြီး အချင်းချင်း နှစ်ပေါင်းများစွာ ကူညီစောင့်ရှောက် ခဲ့ကြသည်များမှာလည်း ချစ်စရာအကောင်းဆုံး စိတ်ဓာတ်ဖြစ် ရာ အထူးသဖြင့် မန္တလေးသားများကို အထူးပင်ယခုအထိ ကျေးဇူးတင်ရှိဆဲ ဖြစ်ကြောင်းပါ။
.
ထောင်တွင်းဘဝ ပြောရလျှင် အိုအေစစ်နေ့ရက်များမှာ အိမ်များမှ ထောင်ဝင်စာ လာသည့်အခါများဟုဆိုလျှင် မမှားပေ။ တတ်နိုင်သူများက ထောင်စည်းကမ်းအရ တစ်လ ၂ ကြိမ်၊ မိမိ တို့လို အဝေးနေသူများက တစ်နှစ်တစ်ကြိမ် လာကြသည်။ အ မြဲတမ်းတော့ အိုအေစစ်မဟုတ် အတွင်းမှ လူနှင့် အပြင်မှ လူသ ဟဇာတ မကိုက်ညီသည့်အခါ စိတ်ဆင်းရဲများ ဖြစ်ကြရသည်။ မှတ်မိသည်များအနက် ကျောင်းသူလူငယ် စုံတွဲတစ်တွဲမှာ ထောင်ကျစက မပြတ်လာခဲ့သော်လည်း နောက်ပိုင်းတွင် ကွာ ရှင်းပြတ်စဲရန် လာတွေ့မှုများက စိတ်ဆင်းရဲစရာများ ဖြစ်ပြီး နောက်ဆုံး ကိုယ်ဝန်ရှိနေကြောင်း ဗိုက်လာပြမှသာ ကွာရှင်း ပေးခဲ့ရသည့် အသဲကွဲဇာတ်လမ်း တစ်ပုဒ်ကလည်း ကြေကွဲစ ရာ။
.
သည်ထက် ပိုဆိုးသည့် တစ်ခု ရှိသေးသည်။ တစ်နှစ်မှ တစ် ခါသာ လာနိုင်သည့် အောက်ဘက်မှ အမျိုးသမီး တစ်ဦးမှာ တစ် ခါ လာလျှင် တစ်ခါ လှပလာသည်ဟု အမျိုးသားမှ ဆိုရသည် အ ထိ ဖြစ်ခဲ့ပြီး ၄င်းထောင်မှ လွတ်ခါနီးတွင်မူ ထိုအမျိုးသမီးမှ ဖွင့် ဟ ဝန်ခံချက်အရ ၄င်းမှာ နောက်အိမ်ထောင် ပြုခဲ့ရပြီး နောက် အိမ်ထောင်နှင့် ကလေးမွေးပြီးမှ နောက်ယောကျ်ား၏ ခွင့်ပြု ချက်ဖြင့် လာရောက်ရခြင်းဖြစ်ကြောင်း အကယ်၍ သူလွတ်လာ ပြီးလျှင် အိမ်ထောင်ကွဲပေးမည်ဖြစ်ကာ သူနှင့်ပင် ဆက်ပေါင်း မည်ဖြစ်ကြောင်း ပြောပြသိရှိခဲ့ရသည်က ရင်နင့်စရာ အဖြစ်အ ပျက် ယုံကြည်ချက်အတွက် ပေးဆပ်ခဲ့ရသည့် ဘဝတစ်ခုပင်။
.
မိမိတွင်လည်း ထောင်ဝင်စာ လာတွေ့စဉ် စကားပြောအ ဆင်မပြေ ဖြစ်ရာက  ၂ နှစ်ခန့် အိ်မ်မှ မလာစဉ်က ပြန်စရာ အိမ် မရှိတော့ဟု မှတ်ထင်ခဲ့ရသလို ရှိခဲ့ပြီး ယင်းကာလအတွင်း ဖွတ် စအိုနာခေါ် ထိပ်ခတ်နာ ဖြစ်၍ နှာခေါင်းမှ ပြည်များ အတောင့် လိုက် ထွက်ကျ ခံစားခဲ့ရသည်မှာ ယင်းရောဂါကို ကုသရန် (Septrain)ဆေးပြား အပြား ၄၀ ကို အိမ်မှ ပေးသွင်းလာမှ သက်သာပျောက်ကင်းခဲ့ရသလို  ပြန်စရာ အိမ်ရှိသည်ဟု စိတ် သက်သာရာ ရခဲ့ရသည်။
.
မိမိ၏ ဇနီးသည်တွင်လည်း သား ၂ယောက်နှင့် မိမိအပါ အဝင် ဘဝအတွက် ဆွေမျိုးများ၏ အကွပ်အညပ်နှင့်လည်း ကောင်း ကိုယ်တိုင် စောင့်ထိန်းခြင်းဖြင့်လည်းကောင်း မိမိ မရှိ စဉ် ဘဝကို ခက်ခဲစွာ ဖြတ်သန်းခဲ့ရသည်ကိုလည်း တစ်သက် တာ ကျေးဇူးအခါခါ တင်ရှိလျက်ပါ။
.
မတ်လ ၃ ရက်ညက နေပြည်တော်တွင် ထောင်ကျဖော် နိုင်ငံရေး လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ညောင်ရွှေမှ ကိုနေမျိုး၊ နေပြည်တော် ကိုမင်းသူစသည်တို့နှင့် တစ်ထောင့် တစ်ည အကြောင်းများ ပြောရသည်ကပင် လွမ်းစရာ။
.
ထောင်မှ လွတ်ပြီးနောက် အချင်းချင်းဘဝများကို ဆက် သွယ်မိကြသည့်အခါ လွမ်းမောဖွယ် ထောင်ဘဝများကို ပြန် ပြောင်း ပြောကြရင်း မိမိတို့သာမက မိမိတို့၏ ဇနီး၊ သားသမီး ဆွေမျိုး ညာတကာဘဝများအထိ ထိခိုက်ခံရမှုများကို ဘဝစာ မျက်နှာများထဲတွင် မှတ်တမ်းတင်ထားလိုသော်လည်းပဲ ဆုတ် ဖြဲပစ်၍ရက ဆုတ်ဖြဲပစ်လိုပါသည်။ ရန်ကုန်တက္ကသိုလ်မှ မြန် မာစာဆရာ ကိုဌေးသိန်း(ယခု စာရေးဆရာနောင်ကျော်)လိုပင် နေရစ်တော့ မန်းထောင်ဟု ဆိုချင်ပါသည်။ အိပ်မက်ဆိုးများ မှလည်း လွတ်မြောက် လိုပါသည်။ အိပ်မက်ဆိုးများမှ လွတ် မြောက်ရန်မှာ မိသားစုအတွက် ရုန်းကန်ရင်း မိမိယုံကြည်ချက် အရ ဆက်လက်လျှောက်လှမ်းခါ ဘဝကို ဖြတ်သန်းလျက်ရှိ သည်မှာ ယခုအသက် အသက် ၆၀ ကျော် ၅ နှစ်အထိပင် တိုင် ခဲ့ပေပြီ။
.
ကိုယ်ကမှ အသက်ရှည် သေးသည်။ တင်မောင်တိုးလို၊ SNLD ပင်လုံမှ ဦးစိုင်းမောင်လို လူ့ဘဝတွင် မရှိတော့သူ အများ အပြားလည်း ရှိခဲ့ပေပြီ၊ အမိမြေတွင် အနေမသင့်သဖြင့် ပြင်ပ တွင် ရှင်သန်ကြရသည့် လန်ဒန်မှ ဦးခွန်ဆာ၊ နော်ဝေမှချောင်း ဦး ကိုသိန်းဝင်း၊ အမေရိကန်မှ ညီညီဝင်း ခေါ် ဂျေအီးတို့ကို လည်း သတိရမိပါသည်။ ငတ်ဖော်ငတ်ဖက်တွေကိုး။
.
ထောင်တွင်း ဖြတ်သန်းမှုများကို ရေးမည်ဆိုပါက အများ ပင် ကျန်နေပါသေးသည်။ မင်းတို့က လူ့အခွင့်အရေး တောင်း တဲ့သမားတွေ မင်းတို့နဲ့အတူ ထားမယ်ဆိုကာ AIDS သမား များ၊ တီဘီရောဂါသည်များကို လာရောက်ထားသဖြင့် ထောင် ကို ဆန့်ကျင်ခဲ့သည့် တိုက်ပွဲများမှာလည်း ကျောမှ ဒဏ်ရာများ မပျောက်ကင်းသေးသလို စိတ်ဒဏ်ရာများ မှတ်ထင်ဆဲ။
.
ထောင်တွင်း တိုက်များ အနေအထားကမူ လေဝင်လေ ထွက် ရှေ့တစ်ပေါက်သာ ရှိသည့်အပြင် လေရရှိရေး လက်နှစ် ဖက်ကို သံတိုင်ကြားမှ ထုတ်မှ လေတိုက်ခံရသည်။ တိုက်ပိတ် ခံရစဉ်ကာလများတွင် သည့်ပြစ်ဒဏ်အရ အိ်မ်သာမချသဖြင့် လောက်များမှာ အမြီးပင်ပေါက်ကာ ညဆိုလျှင် လူအကြားများ ရောက်သည်အထိပင်။ ရေးရန်အများ အပြားကျန်နေပါသေး သည်။ သို့သော်လည်း ဤဆောင်းပါးကိုတော့ ဤမျှနှင့်သာ အဆုံးသတ်ချင်ပါသည်။

ထောင်တွင်း တိုက်များ အနေအထားကမူ လေဝင်လေ ထွက် ရှေ့တစ်ပေါက်သာ ရှိသည့်အပြင် လေရရှိရေး လက်နှစ် ဖက်ကို သံတိုင်ကြားမှ ထုတ်မှ လေတိုက်ခံရသည်။ တိုက်ပိတ် ခံရစဉ်ကာလများတွင် သည့်ပြစ်ဒဏ်အရ အိ်မ်သာမချသဖြင့် လောက်များမှာ အမြီးပင်ပေါက်ကာ ညဆိုလျှင် လူအကြားများ ရောက်သည်အထိပင်။ ရေးရန်အများ အပြားကျန်နေပါသေး သည်။ သို့သော်လည်း ဤဆောင်းပါးကိုတော့ ဤမျှနှင့်သာ အဆုံးသတ်ချင်ပါသည်။

.
အမေရိကန်နိုင်ငံမှ ပြုလုပ်သည့် ၄င်းတို့ပြည်နယ် အသီး သီးရှိ ထောင်များအတွင်း ကျခံခဲ့ရသူများကို စိတ်ပိုင်းဆိုင်ရာ ထိ ခိုက်မှုများကို ဆန်းစစ်ရာတွင် ထောင်သက် ၅ နှစ်ကျော်လျှင် ပြင်ပဝန်းကျင်နှင့် သဟဇာတ မဖြစ်လောက်အောင် စိတ်ချို့ ယွင်းမှုများဖြစ်သည်ဟု ပါရှိရာ မြန်မာနိုင်ငံလို ထောင်မျိုးများ တွင် ယင်းထက် ပိုမိုဆိုးရွားဖို့သာ ရှိပေတော့မည် ဖြစ်ပေသည်။
.
ပြုသူအသစ် ဖြစ်သူအဟောင်းဟု ဆိုသည်။ ခွင့်လွှတ်သင့် သည်ကို ခွင့်လွှတ်နိုင်သော်လည်း မေ့ပျောက်နိုင်စွမ်းကိုမူ အိပ် မက်ဆိုးများမှ ခြောက်လှန့်ဆဲ၊ လန့်နိုးဆဲ၊ သို့အတွက် မြန်မာ နိုင်ငံကြီး အေးချမ်းသာယာကာ ငြိမ်းချမ်းစွာဖြင့် ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်နိုင်ပါစေဟု ဆုမွန်တောင်းသလို အိပ်မက်ဆိုးများကိုလည်း မည်သူမျှ ထပ်မံမကြုံကြိုက်စေလို သည့် ဆန္ဒမွန်ဖြင့် အိပ်မက်ဆိုးများမှ လွတ်မြောက်စေကြောင်း ဆုတောင်းလျက်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)