မိုင်းတုံတွင် ထိုင်းနိုင်ငံမှ တရားမဝင် လမ်းကြောင်းဖြင့် ပြန်လာသူကို သံသယလူနာ အဖြစ် သတ်မှတ်၍ စောင့်ကြပ် ကြည့်ရှု ကုသနေဟု ဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းတုံတွင် ထိုင်းနိုင်ငံမှ တရားမဝင် လမ်းကြောင်းဖြင့် ပြန်လာသူကို သံသယလူနာ အဖြစ် သတ်မှတ်၍ စောင့်ကြပ် ကြည့်ရှု ကုသနေဟု ဆို


မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့တွင် ထိုင်းနိုင်ငံမှ တရားမဝင်လမ်းကြောင်းဖြင့် ပြန်လာသူ တစ်ဦးတွင်  ကိုယ်အပူချိန် မြင့်မားနေသည်ဟု ကျန်းမာရေးမှူး၏ အကြောင်းကြားချက်အရ ဆေးရုံ လူနာတင်ယာဉ်ဖြင့် သွားရောက်ခေါ်ယူကာ မိုင်းတုံဆေးရုံတွင် COVID-19 အတွက် ပြင်ဆင်ထားရှိသည့် အဆောင်၌ အတွင်းလူနာအဖြစ် သီးခြား ထားရှိကာ သံသယလူနာ အဖြစ် သတ်မှတ်၍ စောင့်ကြပ်ကြည့်ရှု ကုသမှု ပေးလျက်ရှိကြောင်း မိုင်းတုံပြည်သူ့ ဆေးရုံမှ သိရသည်။
.
“ ပြည်နယ် ဘုတ်အဖွဲ့ကို ဖုန်းနဲ့ အကြောင်းကြားပြီး PUI (သံသယလူနာ) အဖြစ် သတ်မှတ်ပါတယ်။ ကျွန်တော် ကိုယ်တိုင် ပုံပါကျင်ကို သွားခေါ်ပြီး အခု ဆေးရုံမှာ Volunteer သူနာပြုဆရာမ ၂ယောက်နဲ့ စောင့်ကြပ် ကြည့်ရှု ကုသပေးနေပါတယ်၊ ထိတွေ့မှု ရှိခဲ့တဲ့ လူနာရဲ့ မိသားစုဝင် ၄ ဦးကိုလည်း သီးခြား ခွဲခြား စောင့်ကြပ် ကြည့်ရှုနေပါတယ်။ လူနာရဲ့ တို့ဖတ်နမူနာကို မိုင်းဆတ်ကို ဆင်းတဲ့ တနင်္ဂနွေ လေယာဉ်နဲ့ ရန်ကုန် NHL ကို ပေးပို့သွားမှာ ဖြစ်ပါတယ်” ဟု မိုင်းတုံမြို့နယ် ဆရာဝန်ကြီး ဒေါက်တာ သက်ခိုင်မင်းက ပြောသည်။
.

ပုံပါကျင်မြို့၊ ရပ်ကွက်(၃)နေ အသက် ၁၈ နှစ်အရွယ် အမျိုးသားမှာ ဖခင်ဖြစ်သူနှင့် အတူ မတ်လ ၂၇ ရက်၊ ညနေ ၅ နာရီ ကျော်ခန့်၌ ပုံပါကျင် ကျေးလက်ကျန်းမာရေးဌာနသို့ လာရောက်ပြသခဲ့ရာ ကိုယ်အပူချိန် မြင့်တက်နေခြင်းကြောင့် COVID-19 ရောဂါ သံသယရှိသဖြင့် ကျေးလက်ကျန်းမာရေးမှူး ဦးစိုးမြင့်ထွန်းမှ မိုင်းတုံမြို့နယ် ပြည်သူ့ဆေးရုံသို့ သတင်းပေးပို့ခဲ့ခြင်း ဖြစ်ပြီး လူနာသည် မိုင်းတုံဆေးရုံသို့ ည ၁၀ နာရီကျော်ခန့်တွင် ရောက်ရှိ၍ သီးခြားခွဲခြား ထားရှိကာ ကြပ်မတ်ကုသနေခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ လူနာသည် ထိုင်းနိုင်ငံ၊ ကျင်းလောင်ခရိုင်၊ ကျင်းလောင်းမြို့တွင် ထိုင်းစာ သင်ကြားခဲ့ပြီး မတ်လ ၁၉ ရက်တွင် မြန်မာ-ထိုင်း နယ်စပ်မှတ်တိုင် BP-1 လမ်းကြောင်းအနီး တောလမ်းမှ တရားမဝင် ပြန်လည် ဝင်ရောက်လာပြီး ပုံပါကျင်မြို့၊ ရပ်ကွက်(၃)ရှိ ဖခင်ဖြစ်သူ၏ နေအိမ်တွင် ရောက်ရှိ နေထိုင်ခဲ့ရာမှ ရုတ်တရက် ကိုယ် အပူချိန် မြင့်တက်လာ၍ ကျေးလက်ကျန်းမာရေးဌာနသို့ သွားရောက် သတင်းပို့ခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats