တောင်ကြီး အဝင်/အထွက် နေရာများတွင် မော်တော်ယာဉ်များအား ပိုးသတ်ဆေး ဖြန်းမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီး အဝင်/အထွက် နေရာများတွင် မော်တော်ယာဉ်များအား ပိုးသတ်ဆေး ဖြန်းမည်


စိုင်းရာဇာ
.
တောင်ကြီးမြို့နယ် အဝင်/အထွက် နေရာများတွင် မော်တော်ယာဉ်များအား ပိုးသတ်ဆေး ဖြန်းခြင်း လုပ်ငန်းကို မတ်လ ၂၈ ရက်မှ စတင်၍ ပြုလုပ်သွားမည် ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
.
“ အဓိက ကတော့ ပြည်တော်ပြန်တွေ ကိစ္စပေါ့။ ကျွန်တော်တို့ဆီမှာလည်း အများကြီး ဖြစ်လာပြီ။ အစည်းအဝေး လုပ်တာကတော့ ပြည်ပက ပြန်လာတဲ့သူတွေ စီးလာတဲ့ ကားတွေပေါ့။ အဲ့ကားတွေ အကုန်လုံးကို ဆေးဖြန်းမယ်။ နောက် သူတို့ သွားမယ့် နေရာတွေ၊ ကားတွေကို Quarantine  နေရာ ရောက်ရင် Volunteer တွေနဲ့ ကြက်ခြေနီတွေ၊ ရပ်ရွာက သူတွေနဲ့ ပေါင်းပြီးတော့ ဆေးဖြန်းဖို့ လုပ်မယ်။ ဆေးဖြန်းဖို့ ဝန်ထမ်းတွေလည်း ရှိနေပြီ။ ဆေးတွေကိုလည်း ပေးထားပြီ။ လိုအပ်တဲ့ဟာတွေကိုလည်း ထုတ်ပေးလိုက်ပြီ” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

တောင်ကြီးမြို့နယ်အတွင်း ဆေးဖြန်းမည့် နေရာ ၄ ခု အဖြစ် တောင်လေးလုံး ကျေးအနီး၊ ဟိုပုံးတိုး(လ်)ဂိတ်၊ တောင်ကြီး ကားဂိတ်နှင့် ညောင်ရွှေ-ရွှေညောင်အဆက်တို့တွင် သတ်မှတ်၍ ဖြတ်သန်း သွားလာသော မော်တော်ယာဉ်များအား ပိုးသတ်ဆေး ဖြန်းခြင်းနှင့် ကျန်းမာရေးနှင့် ပတ်သက်သော အသိပညာပေးခြင်းများကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
.
“ ကားဂိတ်တွေရော၊ ပြည်သူတွေရော လိုလိုလားလား ပူးပေါင်းဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံချင်တယ်။ တောင်ကြီးကနေ ကားဂိတ်တွေ မလွတ်သွားအောင် ခရီးသည်တင်ကားနဲ့ မလာဘဲ ကိုယ့်ကားနဲ့ လာတဲ့သူတွေ ရှိနိုင်တယ်။ ဆေး မဖြန်းရင် သူတို့ စီးသွားရင် ကူးသွားနိုင်တယ်။ လိုအပ်တဲ့ လုပ်ငန်းတွေကိုလည်း အစိုးရအဖွဲ့က လုပ်နေတယ်။ မော်တော်ယာဉ် အသင်းတွေ၊ ရပ်မိရပ်ဖတွေနဲ့ ပြည်သူတွေ အားလုံးကို ပူးပေါင်းဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံပါတယ်” ဟု ဝန်ကြီး ဒေါက်တာ မျိုးထွန်းက ပြောသည်။
.

အဆိုပါ ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းများအတွက် လိုအပ်သော ကျန်းမာရေးနှင့် ပတ်သက်သည့် ပစ္စည်းများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးထားပြီး ဖြစ်ကာ လက်ရှိတွင် တောင်ကြီးမြို့နယ်၌ ပြည်ပနိုင်ငံများမှ ပြန်လာသော သူများအတွက် သီးသန့်ထားရှိရန် နေရာ ၈၁ နေရာကို စီစဉ်ထားရှိပြီး ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်းရှိ မြို့ အဝင်/အထွက် အားလုံးတွင် မော်တော်ယာဉ်များအား ဆေးဖြန်းခြင်းနှင့် ကျန်းမာရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက်လည်း တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူးမှ တဆင့် ကျန်ရှိသော မြို့နယ်အုပ်ချုပ်ရေးမှူးများကို လက်ဆင့်ကမ်း နည်းလမ်းပေးရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ညွှန်ကြားထားပြီး ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats