COVID-19 လူနာ ၁ ဦး ထပ်မံ တွေ့ရှိကာ ၉ ရက်အတွင်း ၁၅ ဦး ရှိပြီ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 လူနာ ၁ ဦး ထပ်မံ တွေ့ရှိကာ ၉ ရက်အတွင်း ၁၅ ဦး ရှိပြီ

မြန်မာနိုင်ငံတွင် COVID-19 လူနာ ၁ ဦး ထပ်မံ တွေ့ရှိကြောင်းကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ (မတ်လ ၃၁ ရက်)၊ ည ၈ နာရီတွင် ထုတ်ပြန်ခဲ့ရာ ၉ ရက်အတွင်း စုစုပေါင်း အတည်ပြုလူနာ ၁၅ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အတည်ပြု လူနာအမှတ်(၁၅)သည် ရန်ကုန်တိုင်းဒေသကြီးရှိ နိုင်ငံခြားသားများ ကျန်းမာရေး ဝန်ဆောင်မှုပေးနေသော ပုဂ္ဂလိကဆေးခန်း တစ်ခုတွင် အလုပ် လုပ်ကိုင်နေသည့် ဗဟန်းမြို့နယ်၌ နေထိုင်သော အသက် ၄၅ နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသမီး ဖြစ်ပြီး မတ်လ ၂၇ ရက်တွင် ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း စသောလက္ခဏာများ ခံစားခဲ့ရသဖြင့် မတ်လ ၃၀ ရက်တွင် ဗဟန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တဆင့် ရန်ကုန်အနောက်ပိုင်းဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် သီးသန့်ထားရှိ ဆေးကုသမှု ဆောင်ရွက်ကာ ဓာတ်ခွဲနမူနာအား စစ်ဆေးစဉ် COVID-19 ပိုး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.

အဆိုပါ လူနာအား ရန်ကုန်အနောက်ပိုင်းဆေးရုံမှ ဝေဘာဂီအထူးကုဆေးရုံသို့ ပြောင်းရွှေ့ရန် စီစဉ် ဆောင်ရွက်လျက်ရှိပြီး လတ်တလောတွင် ကျန်းမာရေးအခြေအနေ ကောင်းမွန်နေလျက် ရှိကြောင်း သိရသည်။
.
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်ချက်တွင် COVID-19 အတည်ပြုလူနာ ၁ ဦး ပါရှိခဲ့သော်လည်း ကျန်လူနာ ၆၆ ဦးတွင် ရောဂါပိုး မရှိကြောင်း ဖော်ပြထားသည်။
.
မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၁၅ ဦး တွေ့ရှိထားပြီး၊ လူနာအမှတ်(၅)မှာ လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်းပိုး ဝင်၍ သွေးဆိပ်တက်ခြင်း၊ COVID-19 ကြောင့် ဖြစ်ပွားသော ပြင်းထန် အဆုတ်ရောင် ရောဂါ၊ နှာခေါင်းကင်ဆာအား ဓါတ်ရောင်ခြည်ဖြင့် ဆေးကုမှုခံယူနေခြင်းကြောင့် သေဆုံးခဲ့ရကာ ကမ္ဘာ့နိုင်ငံနှင့် နယ်မြေဒေသပေါင်း ၂၀၂ ခုတွင် အတည်ပြုလူနာပေါင်း ၇၁၉၇၀၀ ဦးထိ တွေ့ရှိထားကာ ယင်းအနက် သေဆုံးသူမှာ ၃၃၆၇၃ ဦး ရှိကြောင်း WHO ၏ မတ်လ ၃၁ ရက် ထုတ်ပြန်ချက်များအရ သိရသည်။

Journal Download

Photo of three cats