သမ္မတရုံး၏ ညွှန်ကြားချက်အရ ကျိုင်းတုံရှိ ဌာနဆိုင်ရာအချို့တွင် ဝန်ထမ်းအင်အား ၅၀ ရာခိုင်နှုန်းဖြင့် လုပ်ငန်းဆောင်ရွက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, March 27, 2020

သမ္မတရုံး၏ ညွှန်ကြားချက်အရ ကျိုင်းတုံရှိ ဌာနဆိုင်ရာအချို့တွင် ဝန်ထမ်းအင်အား ၅၀ ရာခိုင်နှုန်းဖြင့် လုပ်ငန်းဆောင်ရွက်

ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရှိ ဌာနဆိုင်ရာရုံး အချို့သည် မတ်လ၂၅ ရက်က ထုတ်ပြန်ထားသည့် သမ္မတရုံး ညွှန်ကြားချက်အရ မတ်လ ၂၆ ရက်မှ စ၍ ရုံးဝန်ထမ်းအင်အား ၅၀ ရာခိုင်နှုန်းဖြင့် ရုံးလုပ်ငန်း တာဝန်များကို ထမ်းဆောင်နေကြောင်း သိရသည်။
.
သမ္မတရုံး၏ ညွှန်ကြားချက်တွင် COVID-19 သည် ကမ္ဘာအနှံ့ ကူးစက်ပျံ့ပွားနိုင်သည့် ကပ်ရောဂါ ဖြစ်ကြောင်း WHO မှ မတ်လ ၁၁ ရက်တွင် သတ်မှတ်ကြေညာခဲ့ပြီး ယင်းကပ်ရောဂါသည် လူစုလူဝေးမှ တစ်ဆင့် ကူးစက်နိုင်သဖြင့် ရုံးဌာနများ အနေဖြင့် ရုံးချိန်အတွင်း လက်ရှိဝန်ထမ်း ၅၀ ရာခိုင်နှုန်းကိုသာ တာဝန်ထမ်းဆောင်စေရန် ဖော်ပြထားသည်။
.

ထို့အပြင် နားရက် ရသည့် ကျန်ဝန်ထမ်း ၅၀ ရာခိုင်နှုန်းအနေဖြင် မိမိတို့ ဝန်ထမ်း အိမ်ရာ ၊ အဆောင်နှင့် နေအိမ် စသည့်နေရာများတွင် တာဝန်ချိန်အဖြစ် သတ်မှတ်၍ မပျက်မကွက် နေထိုင်သွားရန်နှင့် လိုအပ်၍ ခေါ်ယူပါက အချိန်နှင့် တပြေးညီ ရုံးသို့ လာရောက် တာဝန်ထမ်းဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ COVID-19 ရောဂါနှင့် စပ်လျဉ်းသည့် ကျန်းမာရေးဆိုင်ရာ သတိပေးချက်များကို တိကျစွာ လိုက်နာဆောင်ရွက်သွားရန်ကိုလည်း ယင်းညွှန်ကြားချက်တွင် ‌ဖော်ပြထားသည်။
.
"ရှမ်းပြည်နယ်အစိုးရရဲ့ ညွှန်ကြားစာကို လက်ခံ ရရှိပါတယ်။ ကျွန်တော့်ရုံးကိုတော့ မတ်လ ၂၆ ရက်‌နေ့လယ်ပိုင်းကနေ စပြီး ရုံးလုပ်ငန်း လည်ပတ်မှုတာဝန် မပျက်စေဘဲ ဝန်ထမ်းအလှည့်ကျ တာဝန် ခွဲဝေတာကို ဆောင်ရွက်ထားပါတယ်"ဟု ကျိုင်းတုံမြို့ရှိ ရှမ်းပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
 .
 ထို့အတူ ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်ကလည်း "ပြည်နယ် စည်ပင်သာယာ ရုံးကတော့ တရားဝင် ညွှန်ကြားစာ မရောက်သေးပါဘူး။ မြို့သန့်ရှင်းရေး၊ ရေပေးဝေရေးနဲ့ မြို့မစျေးကြီးမှာ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လုပ်ဆောင်နေပါတယ်။ ညွှန်ကြားစာ ရောက်လာရင်တော့ မြို့နယ်စည်ပင်သာယာကော်မတီ အစည်းအဝေး ထိုင်ပြီး အလှည့်ကျ ဝန်ထမ်း တာဝန်ခွဲဝေမှုကို ဆောင်ရွက်သွားပါမယ်"ဟု ပြောသည်။
.
ကျိုင်းတုံမြို့သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၏ မြို့တော် ဖြစ်ပြီး ဌာနအလိုက် တွဲဘက် ပြည်နယ်မှူးနှင့် ဒုတိယပြည်နယ်မှူးအဆင့် အကြီးအကဲများ ရုံးစိုက်ရာ မြို့ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About