တာချီလိတ်မြို့နယ်ရှိ ကျေးရွာ အချို့တွင် ဝင်/ထွက်ခွင့် တားမြစ်ထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်မြို့နယ်ရှိ ကျေးရွာ အချို့တွင် ဝင်/ထွက်ခွင့် တားမြစ်ထား


မင်းဇော်မင်း
.


ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ ကျေးရွာ အချို့ကို COVID-19 ကြိုတင် ကာကွယ်ရန်အတွက် ရည်ရွယ်ကာ လူထု အစီအစဉ်ဖြင့် ဝင်/ထွက် သွားလာမှု မပြုစေရန် တားမြစ် ပိတ်ပင်ထားကြောင်း သိရသည်။
.
“ ကျိုင်းလပ်ဘက်နဲ့ နားဟိုင်းလုံဘက်က ရွာတွေမှာ စည်းစနစ် ရှိဖို့ ပြင်ပလူ ကန့်သတ်တဲ့ အနေနဲ့ ​Lock Down လုပ်ပါတယ်။ ၁၆ ရွာပါ၊ အခြေအနေ ကောင်းတဲ့အထိပါ” ဟု တာချီလိတ်မြို့နယ်၊ မိုင်းလင်း အနောက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းရီတစ်က ပြောသည်။
.
မိုင်းလင်းအနောက် ကျေးရွာအုပ်စုတွင် ကျေးရွာ ၂၄ ရွာ ပါဝင်သည့်အနက် ကျေးရွာ ၁၆ ရွာကို မတ်လ ၃၀ ရက်မှ စတင်၍ ဝင်/ထွက် သွားလာမှု မပြုစေရန် တားမြစ် ပိတ်ပင်ထားခြင်း ဖြစ်ပြီး တာလေ ကျိုင်းလပ်ဘက်သို့ သွားရောက်နိုင်သည့် လမ်းပေါ်ရှိ ကျေးရွာ ၈ ရွာ၊ တာ​လေ နားဟိုင်းလုံရွှေတွင်းဘက်သို့ သွားရောက်နိုင်သည့် ရွာ ၆ ရွာနှင့် မယ်ခေါင်မြစ်ဘက်မှ လာရောက်နိုင်သည့် ကျေးရွာ ၂ ရွာတို့ ဖြစ်ကြောင်း သိရသည်။
.



ထို့အတူ မိုင်းလင်းအရှေ့ကျေးရွာ အုပ်စု၌ ပါဝင်သည့် ကျေးရွာ ၁၄ ရွာအနက် ၈ ရွာကိုလည်း ဝင်/ထွက် သွားလာမှု မပြုစေရန် တားမြစ် ပိတ်ပင်ထားကြောင်း သိရသည်။
.
“ လာအို တံတားဘက်နဲ့ တရုတ်ဘက်က လာနိုင်တဲ့ လမ်းက ရွာတွေ ပိတ်ဖို့ စီစဉ်နေကြပါတယ်၊ ဒီဘက်က ဝေးတဲ့ရွာတွေကိုတော့ မပိတ်သေးပါဘူး” ဟု ဝမ်လုံကျေးရွာမှ ဒေါ်နန်းကျန်ဟွမ်က ပြောသည်။
.
လာအိုနှင့် ထိုင်းနိုင်ငံဘက်မှ ဝင်ရောက် လာရောက်နိုင်သည့် မိုင်းဖုန်း(က)(ခ)အုပ်စုများကိုလည်း မတ်လ ၃၀ ရက်တွင်ပင် ဝင်/ထွက် သွားလာမှု မပြုစေရန် တားမြစ် ပိတ်ပင်ထားကြောင်း သိရသည်။
.
အဆိုပါ ဝင်/ထွက် သွားလာမှု မပြုစေရန် တားမြစ် ပိတ်ပင်ခြင်းများမှာ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများက ဦးဆောင်၍ လူထု အစီအစဉ်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပြီး အစိုးရ အနေဖြင့် မြို့အလိုက် Lock Down ပြုလုပ်ခြင်းကို ပြည်သူများ၏ စားဝတ်နေရေး အရ ဆောင်ရွက်ရန် လတ်တလောတွင် အစီအစဉ် မရှိသေးကြောင်း ရှမ်းပြည်နယ်အစိုးရ အဖွဲ့ထံမှ သိရသည်။

Journal Download

Photo of three cats