စိုင်းအောင်ဇော်လင်း
.
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊
တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့၊ ဟိုခုံပရိယတ္တိစာသင်တိုက်တွင် ပြည်သူများ COVID-19
ရောဂါနှင့် အခြားဘေးဥပဒ် အန္တရာယ်များ ကင်းဝေးစေရန်အတွက် သံဃာတော်များက အန္တရာယ်ကင်း
ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်၍ မေတ္တာပို့သခြင်းများကို ယနေ့ (မတ်လ ၂၇ ရက်) ညနေ
၄ နာရီက ပြုလုပ်ခဲ့သည်။
.
မိုင်းယောင်းမြို့နယ်
သံဃနာယကအဖွဲ့ ဥက္ကဌ ဟိုခုံကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် မဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ
ဂန္ဓရဿဝံသော၊ ထေရဝါရ ဗုဒ္ဓသာသနာပြု(ဗဟို) ကျောင်းတိုက် ဆရာတော် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက
ဘဒ္ဒန္တ ဘဒ္ဒိယတို့က ဦးဆောင်၍ မြို့နယ်အတွင်းရှိ ကျောင်းတိုက်များမှ သံဃာတော် ၁၃၀ ပါးတို့က
ဥပ္ပါတသန္တိဂါထာတော်၊ မေတ္တာသုတ်၊ ရတနသုတ် အန္တရာယ်ကင်း ပရိတ်တရားတော်များအား ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး
ပြည်သူများ ကောင်းကျိုး ချမ်းသာ လိုအင်ဆန္ဒပြည့်ဝစေရန် ဆုတောင်းမေတ္တာပို့သခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။