မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
ကျောက်မဲမြို့ပေါ်တွင် COVID-19 နှင့် ပတ်သက်၍ အသွားအလာ ကန့်သတ်၍ ထားရှိသူများအနက်
မိုင်းကိုင်မြို့နယ်တွင် နေထိုင်သူ တစ်ဦးမှာ ထွက်ပြေးသွားခဲ့ပြီး
ယနေ့ (မတ်လ ၃၁ ရက်)ထိ ၄ ရက် ကြာပြီ
ဖြစ်သော်လည်း ပြန်လည် ရှာဖွေ မတွေ့သေးကြောင်း
ကျောက်မဲ ဇီဝိတလူမှုကူညီမှုအသင်းမှ သိရသည်။
.
ထွက်ပြေးသွားသူမှာ မိုင်းကိုင်မြို့၊ ဝမ်မိုင်ကျေးရွာနေ
အသက် ၂၈ နှစ်အရွယ် စိုင်းထွန်း ဆိုသူ ဖြစ်ကာ ၎င်းအား ကျောက်မဲမြို့ပေါ်ရှိ
မိုးလုံလေလုံ အားကစားရုံတွင် အသွားအလာ ကန့်သတ်၍ စောင့်ကြည့်နေစဉ် ထွက်ပြေးသွားခြင်း
ဖြစ်ကြောင်း ကျောက်မဲမြို့နယ် ဇီဝိတအသင်းမှ ဦးတင်မောင်သိန်းထံက သိရသည်။
.
“ သူ့ နေရပ်ကို အကြောင်းကြားတာပဲ
လုပ်နိုင်တယ်၊ ကျောက်မဲမြို့ ပတ်ဝန်းကျင်က ထိုင်းကို သွားပြီး အလုပ် လုပ်တာ များတယ်။
တရုတ် ပြန်တွေလည်း ရှိတယ်။ သတင်းမပို့ဘဲ ရှောင်တိမ်းပြီး နေတဲ့သူတွေ
မြို့ပေါ်မှာလည်း ရှိတယ် ရွာတွေမှာလည်း ရှိတယ်။ တစ်ချို့လူက အိမ်ထဲက တစ်ကယ် လုံးဝ
မထွက်ဘဲ နေတယ်။ တစ်ချို့ကတော့ သွားပြောရင် ဟုတ်ကဲ့ ဟုတ်ကဲ့နဲ့ အပြင်ထွက်ပြီး လျှောက်လည်နေတယ်။
အဲဒီဟာတွေလည်း ရှိနေတယ်၊ တာချီလိတ်ပြန်က (COVID-19 အတည်ပြုလူနာ) နွားနို့ လိုက်ပို့တယ်
ဆိုတာကတော့ ဂျင်း(သတင်းမှား) သတင်းပါ၊” ဟု ဦးတင်မောင်သိန်းက ပြောသည်။
.
ကျောက်မဲမြို့ပေါ်တွင်
စောင့်ကြည့်လူနာများ ထားရှိရန် နေရာ ၃ ခု ဖွင့်ထားပြီး မတ်လ
၃၁ ရက်အထိ စာရင်းအရ အထက ၃ တွင်
၉၉ ဦး၊ မိုးလုံလေလုံ အားကစားရုံတွင် ၁၀ ဦး ၊ အထက ၁ တွင် ၁၇ ဦးတို့ကို အသွားအလာ ကန့်သတ်၍
စောင့်ကြည့်နေခြင်း ဖြစ်ကြောင်း သိရသည်။
.
COVID-19 အတည်ပြုလူနာ အမှတ်(၁၄) မှာ
ကျောက်မဲမြို့မှ အသက် (၂၄) နှစ်အရွယ် အမျိုးသား တစ်ဦး ဖြစ်ကာ ၎င်းသည် မတ်လ
၂၆ ရက်တွင် ထိုင်းနိုင်ငံမှ တာချီလိတ်-မန္တလေးက တဆင့် ကျောက်မဲသို့ ပြန်လည် ရောက်ရှိလာသူ
ဖြစ်ကြောင်း သိရသည်။